မိုးညှင်း မေ ၂၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ(၂၇)ရက် နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် မြစ်ကြီးနားခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဂျင်မီနီဟက်စ်လပ်ခ်က သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာရပ်များ၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းက သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုလျော့ချနိုင်ရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများစသည့် အကြောင်းအရာများကို ဟောပြောကြရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြပြီး ၎င်းမေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အသိပညာပေးဟောပွဲသို့ တက်ရောက်လာကြသူများက မြို့မသစ်တော ပျိုးဥယျာဉ်သို့ သွားရောက်လေ့လာကြရာ မြို့နယ်ဦးစီးမှူးက ပျိုးဥယျာဉ်တွင် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့် ပျိုးပင်မျိုးစိတ်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ပျိုးပင်အမျိုးအမည်များကို ရှင်းလင်းပြသပြီး ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ပျိုးပင်များကို ကျောင်းသားကျောင်းသူများအား ပေးဝေခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း