ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)၏ စတုတ္ထအကြိမ်မြောက် G.T.H.S အောင်လက်မှတ်ပေးအပ်ပွဲတက်ရောက်၊ နို့စားနွားမွေးမြူရေးခြံ၌ မတည်ထောက်ပံ့ငွေများပေးအပ်

ပူတာအို မေ ၂၇

ကချင်ပြည်နယ် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေရိက္ခာဖူလုံရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ မေ ၂၆ ရက် နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို)ခန်းမ၌ စတုတ္ထအကြိမ်မြောက် G.T.H.S အောင်လက်မှတ် ပေးအပ်ပွဲတက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါ အောင်လက်မှတ်ပေးအပ်ပွဲတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်မှု၊ အသိပညာကြွယ်ဝမှု၊ ခံယူချက်ကောင်းမွန်မှုစသည့် အချက်များဖြင့် အရည်အသွေးပြည့်ဝသည့် လူသားကောင်း အရင်းအမြစ်များရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့မောင်မယ်များအနေဖြင့် မိမိတို့တတ်မြောက်ထားသော သက်မွေးပညာဘာသာရပ်များကို အသုံးချပြီး လူမှုနယ်ပယ်အသီးသီးရှိ ဖွံ့ဖြိုးရေးကဏ္ဍများတွင် ဝိုင်းဝန်းကြိုးစားပါဝင်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်က အစိုးရနည်းပညာအထက်တန်း ကျောင်း(ပူတာအို)၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တို့တွင် G.T.H.S တက်ရောက်အောင်မြင်ခဲ့ကြသည့် လူငယ်မောင်မယ် (၁၃)ဦးကို G.T.H.S အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပိုင်ရှင်ဦးဇာမဲဒီး၏ “ထရဝပ်” မွေးမြူရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လိမီတက်ပိုင် နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်ပြီး ခြံလှောင်စနစ်ဖြင့် နို့စားနွားကောင်ရေ (၁၅) ကောင်၊ ဒေသနွားကောင်ရေ(၃၀)၊ ဒေသကျွဲ(၈)ကောင် မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသတွင်းစံပြနွားမွေးမြူရေးလုပ်ငန်းအဖြစ် ဆက်လက်ရပ်တည်လုပ်ကိုင်နိုင်ရေး၊ နို့စားနွားကောင်ရေတိုးချဲ့ မွေးမြူရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးနှင့် ပူတာအိုတပ်နယ်မှူးတို့က စွမ်းအားမြှင့်ရောစပ်အစာမှုန့်များနှင့် မွေးမြူရေး အထောက်အကူပြုဆေးဝါးများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သိန်းပေါင်း (၂၈၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက စွမ်းအားမြှင့် ရောစပ်အစာမှုန့်များနှင့်မွေးမြူရေး အထောက်အကူပြု ဆေးဝါးများအသုံးပြုပုံများကို လက်တွေ့သရုပ်ပြ အသိပညာပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ညနေပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ပူတာအို/ မချမ်းဘော/ နောင်မွန်း/ ခေါင်လန်ဖူး၊ ပန်နန်းဒင်တို့ရှိ စည်ပင်သာယာရေးအဖွဲ့များမှ အရာထမ်း၊ အမှုထမ်းများအား လည်းကောင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ အစည်းအဝေးခန်းမ၌ အင်ဂျင်နီယာများ၊ ရုံးဝန်ထမ်းများနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံ၍ အားပေးအမှာစကားပြောကြားကာ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ငါးခြောက်၊ ကုလားပဲ၊ ဂျုံခေါက်ဆွဲထုပ်များနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ကောင်ကထောင်ရပ်ကွက်ရှိ စိန့်အန်ထော်နီကက်သလစ် ဘုရားကျောင်းနှင့် လေယာဉ်ကွင်းရပ်ကွက်ရှိ စိန့်ဖရန်စစ်ဇေးဗီးယားကွန်ဗင့်ကျောင်းများသို့ သွားရောက်ပြီး ဖာသာများ၊ အသင်းတော်တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်တွေ့ဆုံကာ ဘာသာရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးခဲ့ပြီး အသင်းတော်ဘုရားကျောင်း (၂)ကျောင်းအတွက် တစ်ကျောင်းလျှင် ငွေကျပ် ၅ သိန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀ သိန်းကို လှူဒါန်းခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)