မိုးကောင်း မေ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ နွေရာသီဘတ်စကက်ဘောသင်တန်းဆင်းပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲကို အရှေ့ရပ်ကွက်အားကစားကွင်း၌ မေလ(၂၅)ရက် ညနေ(၄)နာရီတွင် ကျင်းပခဲ့သည်။
အသက်(၁၂)နှစ်အောက်ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည် မြှင့်မားစေရေးနှင့် အသင်းအုပ်စုအလိုက် စုပေါင်းဆောင်ရွက်တတ်စေရေးအတွက် နွေရာသီ ကျောင်းပိတ်ရက်(၃)လအတွင်း ဘတ်စကက်ဘောသင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘတ်စကက်ဘောပြိုင်ပွဲကို သင်တန်းသား၊ သင်တန်းသူ(၁၇)ဦးက Red Bulls၊ တာကောနှင့် မြန်မာအသင်း(၃)သင်းဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် အသင်းလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ နွေရာသီကျောင်းပိတ်ရက် သင်တန်းကာလပတ်လုံး အကြိုးစားဆုံးဆုနှင့် တိုးတက်မှုဆုရရှိသူများ၊ တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)