ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မချမ်းဘောမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသထွက်အသီးအနှံခြံများအား ကြည့်ရှုစစ်ဆေး၊ ဒေသတွင်းစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ဒုတိယစက်ဝန်းမှ မတည်ရန်ပုံ ငွေ

ပူတာအို မေ ၂၆

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသအတွင်း စားရေရိက္ခာဖူလုံရေးနှင့်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေမှ ရင်းနှီးမတည်ပေးပြီး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီက ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်/ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်ရေး မတည်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်ကြီးသို့ သွားရောက်ပြီး လက်ယာရစ်ပတ်ဖူးမြော်ကြည်ညိုကာ စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြုပြင်နိုင်ရေးအတွက် နာဝကာမအလှူငွေများကို ဂေါပကအဖွဲ့ဝင်များထံ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် ငါးမွေးမြူရေး တောင်သူဦးဖေရမ်နော်အွန်၏ ငါးမွေးမြူရေး(၂)ကန်တွင် ငါးခုံးမကောင်ရေပေါင်း (၄၀၀၀၀)မွေးမြူထားရှိမှု၊ တောင်သူ ဒေါ်နင်ဆားရ်၏ ငါးမွေးမြူရေးကန်တွင် ငါးခုံးမကောင်ရေပေါင်း(၂၀၀၀၀)မွေးမြူထားရှိမှု၊ တောင်သူ ဦးရမ်ဆားရ်၏ ငါးမွေးမြူရေးကန်(၂)ကန်တွင် ငါးခုံးမကောင်ရေပေါင်း (၄၀၀၀၀) မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ အဆိုပါကျေးရွာ၌ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးတို့က ဒေသခံပြည်သူများနှင့် ရင်းရင်းတွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် နမ်ခမ်ကျေးရွာအား ငါးမွေးမြူရေးနယ်မြေအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံငါးမွေးတောင်သူများအားလုံးက ပူးပေါင်းပါဝင်ကြ‌ရေး၊ ထို့အပြင် ဒေသအတွင်း သားငါးစားသုံးမှု ဖူလုံလာစေရေး ငါးမွေးမြူရေးအပြင် ကြက်နှင့်ဝက်များတိုးချဲ့မွေးမြူလုပ်ကိုင်ကြရေး၊ နည်းစနစ်ကျမွေးမြူနိုင်ရေးနှင့်လိုအပ်သည့် ပံ့ပိုးမှုများကူညီပံ့ပိုးပေးနိုင်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြသည်။

ထိုမှတစ်ဆင့် မချမ်းဘောမြို့နယ် အင်ဘူးဘော့ကျေးရွာအနီးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် တောင်သူ ဦးနော်တောင်၏ ခြံ(၈)ဧကတွင် ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရု၊ ဘုရင်သီးနှင့် ငရုတ်ကောင်းအပင်ပေါင်း(၈၅၀)ခန့်စိုက်ပျိုးထာရှိမှုများကိုလည်းကောင်း၊ တောင်သူဦးတင်နိုင်ဦး၏ခြံ(၃)ဧကတွင် ဂရိတ်ဖရုနှင့် ဘုရင်သီးအပင်ပေါင်း(၂၀၀)စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်ရရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကိုမေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် မချမ်းဘောမြို့ ရပ်ကွက်(၃)နေ ငါးမွေးမြူရေး တောင်သူ ဦးဆန် ဒေါင်းဖုန်ရာ၏ ငါးမွေးမြူရေးကန်သို့သွားရောက်ပြီး တီလားဗီယားကောင်ရေ (၁၀၀၀၀) ထည့်သွင်းမွေးမြူထားရှိမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားဖြင့် ဆန်ကြိတ်ခွဲသည့် အသေးစားဆန်ကြိတ်စက်ဖြင့် တစ်နိုင်တစ်ပိုင် စပါးကြိတ်ခွဲနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူတာအို ခရိုင်အတွင်းရှိ မြို့နယ်များမှ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ဒုတိယစက်ဝန်းအတွက် မတည်ရန်ပုံငွေများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက တောင်သူများအနေဖြင့် ယခင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမစက်ဝန်းဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်သကဲ့သို့ ယခုနှစ် ဒုတိယစက်ဝန်းတွင်လည်း နိုင်ငံတော်နှင့်မိမိတို့ အကျိုးဖြစ်ထွန်းအောင်မြင်အောင် ကြိုးစားကြရေး၊ လိုအပ်သည့် နည်းပညာပံ့ပိုးမှုများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားပြီး သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေထုတ်ချေးပေးမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် ရည်ရွယ်ချက်/ မျှော်မှန်းချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ပူတာအိုနှင့် မချမ်းဘောမြို့နယ်များမှ ငါးမွေးမြူရေး တောင်သူအစုအဖွဲ့ (၄)ဖွဲ့အတွက် မတည်ရန်ပုံငွေကျပ်သိန်းပေါင်း (၁၂၀၀)ကိုလည်းကောင်း၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က ပူတာအိုမြို့နယ်မှ ငါးမွေးမြူရေးတောင်သူအစုအဖွဲ့(၂)ဖွဲ့အတွက် မတည်ရန်ပုံငွေကျပ်သိန်းပေါင်း (၅၀၀၀) ကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ သန်းအေးတို့က ပူတာအိုမြို့နယ် မန်စေကျေးရွာအုပ်စု၊ ရေခဲတောင်သွားလမ်းပေါ်ရှိ ဇီယာဒမ်း၊ ခါးလန်၊ လုံးနဒမ်း၊ ဝမ်လိုင်ဒမ်း၊ အဝပ်ဒမ်းကျေးရွာများအတွက် ရှောက်ကောနှင့် အလေချီပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် မတည်ရန်ပုံငွေကျပ်သိန်းပေါင်း(၃၀၀)နှင့် ကြက်/ ဝက်များ စီးပွားဖြစ်မွေးမြူနိုင်ရေး မတည်ရန်ပုံငွေကျပ်သိန်း ပေါင်း (၂၅၀)ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)