မြစ်ကြီးနား မေ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသည့်အိမ်ထောင်စုများအား ယမန်နေ့နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့ကအခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့တိမ်းရှောင်လာကြသည့် မိသားစုများအနေဖြင့် အခက်အခဲများ၊ လိုအပ်ချက်များရှိနေမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးလာရောက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဓိကအားဖြင့် စိတ်ဓာတ်ခွန်အားရရှိစေရန် လာရောက်တွေ့ဆုံအားပေးခြင်းပင်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။
ယင်းနောက် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ခါးရှိကျေးရွာနှင့် ဝူယန်ကျေးရွာများမှ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဘာသာရေးအသင်းတော်ဝင်းများအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၉၇)စု၊ လူဦးရေ (၄၉၈) ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဆန်အိတ်ပေါင်း (၉၇)အိတ်၊ ပြည်နယ်အစိုးရအဖွဲ့က ခေါက်ဆွဲခြောက်ဖာ(၉၇)ဖာတို့ဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ်(၈၈၂၇၀၀၀)ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် ယာယီနေထိုင်လျက်ရှိသည့် ဘာသာရေးအသင်းတော်ဝင်းများအတွင်း နေထိုင်စားသောက်မှုဆိုင်ရာ အခက်အခဲများနှင့် လိုအပ်ချက်များကိုတင်ပြကြရာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများ၏ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများယာယီအဆောက်အအုံများ အမိုးတည်ဆောက်ပေးနိုင်ရေး ထောက်ပံ့ငွေကျပ် ၂၁ သိန်းကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)