မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

မြစ်ကြီးနား မေ ၂၅

ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သူ့အားကစားကွင်းအတွင်း မိုးလုံ လေလုံအားကစားခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ များနှင့် အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု/ သားဖွားသင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းသရုပ်ဖော်တို့ဖြင့် သီဆို ဖျော်ဖြေ ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်ဝှမ်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်၍ စာကြည့်တိုက်များအတွက် ငွေကြေးနှင့်စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားများကိုကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ကချင်ပြည်နယ်အနေဖြင့်လည်း ဧပြီလ (၁၀)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ နှင့် စေတနာ့အလှူရှင်များ ပူးပေါင်း၍ ငွေကျပ် ၂၂၈၅၀၀၀၀ (နှစ်ရာနှစ်ဆယ်ရှစ်သိန်းငါးသောင်း)နှင့် စာအုပ် စာစောင်ပေါင်း (၁၀၀၈)အုပ်ကို လှူဒါန်းနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ကချင်ပြည်နယ်အတွင်း ယခင်က ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ပေါင်း (၁၈၀)ကျော်ရှိခဲ့ရာမှာ ယခု အခါ (၆၅) တိုက်သာ အသက်ဝင်လှုပ်ရှားကျန်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ပြည်နယ် အတွင်း ရပ်နားထားသည့် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်အသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ၊ စာကြည့်တိုက်ဆိုင်ရာအခမ်းအနား များကို ခရိုင်/ မြို့နယ်များအလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများနှင့် ကျောင်းသား လူငယ်များစာအုပ်စာပေများကိုလက်လှမ်းမီဖတ်ရှုနိူင်ရေး စာကြည့်တိုက်များ တည်ထောင်ခြင်းနှင့် စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှန်မြှင့်တင်ရေးအတွက် နှိုးဆော် တိုက်တွန်းထားသည့် နိုင်ငံ့အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတွင် စာဖတ်ရှိန် မြှင့်တင်‌ရေးအတွက် စာပေဟောပြောပွဲ ဆောင်ရွက်ပေးကြသည့် စာပေပညာရှင် မြစ်ကြီးနား တက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာစန္ဒာလွင် (စာရေးဆရာမစံ)နှင့် စာရေးဆရာ အကြီးကိုကို (ကသာ) တို့အား လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် လူမှု‌ရေးရာဝန်ကြီး ဦးမိုးမင်းသိန်း အခမ်းအနားတွင် အဖွင့်သီချင်းနှင့် အပိတ်သီချင်းဖြင့် ပါဝင်သီဆို ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအတွက်လည်းကောင်း ဂုဏ်ပြုချီးမြှင့် ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများက“ဘက်စုံပညာကိုရည်တို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ စာရေးဆရာများအသင်းမှ တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုသားဖွား သင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူ လေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ခင်းကျင်းပြသထားသည့် သုတ/ ရသ စာအုပ်စာစောင်များ၊ မဂ္ဂဇင်း၊ ဂျာနယ်များ၊ ကလေးစာပေများ ခင်းကျင်းပြသထားမှုနှင့် နယ်လှည့်စာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် စာရေးဆရာမစံ (ဒေါက်တာစန္ဒာလွင်) က “ဘဝအခြေတိုးမြှင့်ဖို့ စာကြည့်တိုက်ကို သွားကြစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ အကြီးကိုကို (ကသာ)က “စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောမှုကို ကြည့်ရှုအားပေးခဲ့ကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွင်း ကျောင်းစာကြည့်တိုက်တစ်ခုဖြစ်သည့် သုတရတနာ စာကြည့်တိုက်သို့ သွားရောက်ပြီး ကျောင်းစာကြည့်တိုက်အတွင်း သုတ/ရသ စာအုပ်စာစောင်များအား စုစောင်းထားရှိမှု၊ ကျောင်းသား/ကျောင်းသူများ၏ စာပေဖတ်ရှုလေ့လာနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် ရန်ပုံငွေကျပ် (၁၀)သိန်းနှင့် စာအုပ်စာစောင် များ၊ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက ငွေကျပ် (၂)သိန်းတန်ဖိုးရှိ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ပြည်နယ် (ပြန်/ဆက်)