ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးပို့လာသော အခြေခံစားသောက်ကုန်များနှင့် သစ်တောပျိုးဥယျာဉ်အတွင်း သစ်ပင်စိုက်ပျိုးပွဲတော်များနှင့် လူထုဖြန့်ဝေပေးနိုင်ရေးတို့အတွက် အရိပ်ရပျိုးပင်များ ပျိုးထောင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

ပူတာအို မေ ၂၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းတွင် နယ်မြေအခြေအနေအရ ကုန်တင်မော်တော်ယာဉ်ကြီးများဖြတ်သန်းသွားလာမှုမရှိသည့်အတွက် ပူတာအိုခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်နေထိုင်မှု အဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို လေကြောင်းခရီးစဉ်ဖြင့် တင်ပို့ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပထမအသုတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းဖြင့် ပူတာအိုမြို့သို့ တင်ပို့ခဲ့ကြသည်။

ထို့သို့ တင်ပို့ရာတွင်  ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါခဲ့ကြပြီး ပူတာအိုလေဆိပ်၌ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ပြည်နယ် အစိုးရအဖွဲ့က ပထမအသုတ်အဖြစ် တင်ပို့ထောက်ပံ့လာသည့် ဆန်(၆)ပြည်ပါ အိတ်(၃၂၀) ၊ ငါးခြောက် (၆၁၃)ပိဿာပါ (၆၁)အိတ်၊ စားသုံးဆီ(၃၁၆)ပိဿာ (၈၀)ကျပ်သားပါ (၃၃)ဖာ တို့ကို ခရိုင်/ မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများက လေဆိပ်မှတစ်ဆင့် သိုလှောင်မည့်နေရာသို့ မော်တော်ယာဉ်များဖြင့် စုပေါင်းသယ်ယူပို့ဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

ထို့နောက် ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့မှ ပူတာအိုဒေသတွင်းရှိ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများအတွက် ထောက်ပံ့နိုင်ရေးပေးပို့လာသော ဆန်၊ ငါးခြောက်နှင့်စားသုံးဆီများကို ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမတွင် စနစ်တကျ သိုလှောင်ထားရှိမှုများနှင့် ဆက်လက်ဖြန့်ဝေထောက်ပံ့သွားမည့် အစီအစဉ်များကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့၏ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေးနှင့် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် မြို့မပျိုးဥယျာဉ်သို့ သွားရောက်ပြီး သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ပျိုးဥယာဉ်အတွင်း ၂၀၂၄ ခုနှစ် မိုးရာသီအကြိုနှင့် မိုးတွင်း ကာလအတွင်း သစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးရန် လျာထားသည့် အခြေအနေများနှင့် လူထုဖြန့်ဝေနိုင်မည့် အစီအစဉ်များနှင့် တောင်တမာ၊ ရေပိတုန်း၊ သစ်အယ်၊ လောက်ယား၊ ကြေးလံ၊ ပျဉ်းကတိုး၊ စကားဝါ၊ ယမနေ၊ဆူးထင်းရှုးနှင့် ကံ့ကော် စသည့် ပျိုးပင်ပေါင်း (၁၉၄၀၀)ပင် ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဒေသအတွင်း စိမ်းလန်း စိုပြေစေရေးအတွက် ပျိုးပင်များအား စနစ်တကျ ပြုစုပျိုးထောင်ထားရှိကြရေး၊ စိုက်ပျိုးပြီး အပင်များအား ရှင်သန်ကြီးထွားလာစေရေးအတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)