ဗန်းမော် မေ ၂၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ကျောင်းသားများက “ပညာဝန်းခင်း” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးက ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ထူချွန်းတဲ့ လူစွမ်းအားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင် အတတ်ပညာရှင်များ လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီတိုးတက်မြင့်မားလာအောင် မြှင့်တင်ဆောင်ရွက်ပေး ရမှာဖြစ်သလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားအားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်ထုလွမ်က အသက်(၅) နှစ်အရွယ် ကလေးများအားလုံးနှင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းသို့ရောက်ရှိပြီး ပညာသင်ခွင့်ရရှိရေး အတန်းစဉ်ကျောင်းထွက်နှုန်း ကျဆင်းပြီး အလယ်တန်းနှင့် အထက်တန်း ပညာပြီးဆုံးသည့်အထိ ကျောင်းနေမြဲရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ မိဘပြည်သူများ လူမှုရေးအသင်းဖွဲ့မျာက ပူးပေါင်းပါဝင်ပြီး မျက်မှောက်ကာလ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကြဖို့ တိုက်တွန်းစကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတက်မည့် ကျောင်းသူ၊ ကျောင်းသားများကို နိုင်ငံတော်က အခမဲ့ပေးအပ်သည့် ပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံနှင့်ဘောပင်များကို ကျောင်းအပ်နှံသည့် ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးအား ပေးအပ်ခဲ့ပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက''ပန်းများဝေစီ ဖူးပွင့်နေသည်'' သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်