“သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”

တွေ့ဆုံမေးမြန်းသူ-ဒေါ်ခင်သူဇာ(ခရိုင်ဦးစီးမှူး-ခရိုင်ပြန်/ဆက်)

ဖြေကြားသူ- ဦးတူးခေါင် (ခရိုင်ဦးစီးမှူး-ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ အာရုံစိုက်မိလာစေရန်နှင့်ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုအလေးထားဖြေရှင်း ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ် ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်း အသိပညာပေးဆွေးနွေးမှုများကို ပြည်သူများသိရှိစေရန်တင်ပြလိုက်ရပါသည်-

မေး- ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံကို သိပါရစေ။

ဖြေ- ကမ္ဘာသူကမ္ဘာသားအားလုံး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို တက်ကြွစွာပူးပေါင်း ဆောင်ရွက်စေဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ ၁၉၇၂-ခုနှစ် ဇွန်လ(၅)ရက်နေ့ ဆွီဒင်နိုင်ငံ၊စတော့ဟုမ်းမြို့မှာ ကုလသမဂ္ဂကကြီးမှူးပြီး ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင် ညီလာခံကြီးကို ကျင်းပခဲ့ပါတယ်။ အဲဒီညီ လာခံကြီးကနေ ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများအားလုံးနဲ့ ပေါင်းစပ်ညှိနှိုင်းပေးဖို့နဲ့ နည်းပညာအကူအညီပေးဖို့ ရည်ရွယ်ပြီး ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ် (United Nations Environment Programme UNEP)ကိုလည်း ယင်းညီလာခံကြီးအပြီးမှာဖွဲ့စည်းတည် ထောင်ခဲ့ပါတယ်။

အဓိကက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် ကမ္ဘာ့နိုင်ငံများနဲ့ ပြည်သူများ အာရုံစိုက်မိလာစေဖို့နဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်လာကြစေဖို့ ရည်ရွယ်ကျင်းပခြင်းပဲဖြစ်ပါတယ်။ UNEP ကနေ ၁၉၇၃-ခုနှစ်မှစ၍ နှစ်စဉ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်တွေကို သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇-ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးတွေမှာ နှစ်စဉ်လှည့်လည်ကျင်းပခဲ့ပါတယ်။ ယခုနှစ်မှာတော့ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ကို အိမ်ရှင်နိုင်ငံအဖြစ် Saudi Arabia (ဆော်ဒီအာရေးဗီးယား)နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မေး- ယခုနှစ်ရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်နဲ့ရည်ရွယ်ချက်တွေကိုလည်း သိပါရစေ။

ဖြေ- UNEP ကနေ ယခု ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားတာကတော့ “land restoration, desertification and drought resilience” (သဲကန္တာရ တိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး) ပဲဖြစ်ပါတယ်။ ၂၀၂၄-ခုနှစ် WED ၏ ရည်ရွယ်ချက်မှာ ရာသီဥတု ပြောင်းလဲမှုကို နှေးကွေးစေခြင်း၊ သဘာဝတရားကို ကာကွယ်ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မြှင့်တင်ပေးခြင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိဘီလီယံနှင့်ချီသော လူသားများ၏စားနပ်ရိက္ခာ ဖူလုံစေခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေရန်ရည်ရွယ်၍ တရုတ်နိုင်ငံအကျယ်အဝန်းထက် ကြီးမားသော ဧရိယာတစ်ခုဖြစ်သည့် တစ်ဘီလီယံဟတ်တာရှိသော မြေယာအားပြန်လည်ထူထောင်ခြင်းကို နိုင်ငံအားလုံးမှ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ရည်ရွယ်ထားပါတယ်။

မေး- မိုးခေါင်ရေရှားပါးမှုကိုဖြစ်စေတဲ့ အကြောင်းအရာတွေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သိပါရစေ။

ဖြေ- မိုးခေါင်ရေရှားမှုဆိုသည်မှာ ဒေသတစ်ခု၏ ပျမ်းမျှမိုးရေချိန်ထက် လျော့နည်းခြင်း၊ မိုးကာလတိုတောင်းခြင်းကြောင့် ရေပြတ်လပ်မှုဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။ (WHO) မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ချက်အရ မိုးခေါင်မှုဆိုသည်မှာ လွန်ခဲ့သည့် နှစ်(၃၀)ခန့်အတွင်း ရွာသွန်းသော ပျမ်းမျှမိုးရေချိန် ပမာဏထက်(၂၀)ရာခိုင်နှုန်းအောက် လျော့နည်းမှုသည် (၇)ရက်ထက်ပိုပါက မိုးခေါင်ခြင်းဖြစ်ပါကြောင်းသိရပါတယ်။ မိုးခေါင်ရေရှားမှုနဲ့ မြေဆီလွှာဆက်စပ်မှုကို ရှင်းပြပါရစေ။ အော်ဂဲနှစ်ပစ္စည်းကြွယ်ဝတဲ့ မြေကြီးထဲက မြေမှုန့်တစ်ခုနှင့် တစ်ခုကြားမှာ လေဟာနယ်လေးတွေရှိပါတယ်။ အဲဒီလေဟာနယ်လေးတွေဟာ မိုးရွာသွန်းသည့်အခါ မြေကြီးထဲသို့ ရေစိမ့်နှုန်းနှင့် ရေသိုလှောင်ထားနိုင်မှုအပေါ်တွင် အကျိုးသက်ရောက်မှုရှိပါတယ်။ ထို့ကြောင့် အရည်အသွေးပြည့်ဝသော မြေဆီလွှာသည် မိုးရေကိုအချိန်ကြာမြင့်စွာ သိုလှောင်ထားနိုင်ပြီး မြေဆီလွှာအတန်းအစား ကျဆင်းနေပါက မိုးရေသိုလှောင်ထားနိုင်သည့် အချိန်ကာလသည်အလွန်တိုတောင်းပြီး နွေရာသီကာလတွင် ခြောက်သွေ့ပြီး ရေရှားပါးမှုကို ဖြစ်စေပါသည်။ (UNCCD)

လူဦးရေတိုးပွားလာသည်နှင့်အမျှ ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောပြုန်းတီးမှု၊ ရေရှည်မတည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များ၊ မြို့ပြတည်ထောင်ခြင်းနှင့် စနစ်မကျသော သတ္တုတူးဖော်ခြင်း၊ မြေအတန်းအစားကျဆင်းခြင်းနှင့် ရေစီမံခန့်ခွဲမှုစနစ်မကျခြင်း ကဲ့သို့သော လုပ်ဆောင်ချက်များသည် မိုးခေါင်ရေရှားမှုကို ဖြစ်စေတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ မြေဆီလွှာတိုက်စားမှုနှင့်မြေ ဆီလွှာဆားငန်မှု များပြားစေခြင်း၊ မြေဆီလွှာအတန်းအစား ကျဆင်းလာခြင်း၊ သီးနှံထွက်နှုန်းလျော့ကျခြင်း၊ မွေးမြူရေးတွင် စားကျက်မြေများရှားပါးလာခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှု မြေအောက်ရေလျော့နည်းလာပြီး ရေရှားပါးမှုနှင့် ဆားငံရေများ ဝင်ရောက်လာမှုကြောင့် ရေအရည်အသွေးကျဆင်းလာခြင်း၊ တောမီးအန္တရာယ် ပိုများလာခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှားပါးလာခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ဝမ်းရောဂါများ၊ အပူလွန်ကဲခြင်းကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကျန်းမာရေးချို့တဲ့ခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်ပါတယ်။

မေး- သဲကန္တာရဖြစ်ထွန်းခြင်းက ပတ်ဝန်းကျင်နဲ့လူသားတို့အပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင် သလဲသိပါရစေ။

ဖြေ- သဲကန္တာရဖြစ်ထွန်းခြင်းဆိုတာ သဘာဝဖြစ်စဉ်များနှင့် လူသားတို့ရဲ့ လုပ်ရပ်တွေ ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မူလကမိုးနည်းတဲ့ ဒေသတွေမှာ မြေအတန်းအစား ကျဆင်းစေတဲ့လုပ်ဆောင်ချက်တွေ ဥပမာ-မြေဆီလွှာကို အလွန်အကျွံသုံးစွဲတာတွေဖြစ်တဲ့ စိုက်ပျိုးမြေနဲ့ စားကျက်မြေအလွန်အကျွံချဲ့ထွင် ခြင်း၊သစ်တောပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ဓာတုဓာတ်မြေဇာနှင့် ပေါင်းသတ်ဆေးပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲခြင်းများကြောင့် မြေအတန်းအစား ကျဆင်းလာပြီး သဲကန္တာရများဖြစ် ပေါ်လာခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သဲကန္တာရ ဖြစ်ထွန်းခြင်းအနေနဲ့ ထင်ရှားတဲ့နေရာတွေကတော့ အာဖရိက (Sahel ဒေသ)၊ အာရှက (Gobi Desert နှင့် Mongolia ရှိ သဲကန္တာရ) နှင့် တောင်အမေရိက၏ နေရာတော်တော်များများမှာ တွေ့ရတာ ဖြစ်ပါတယ်။

သက်ရောက်မှုတွေ အနေနဲ့ကတော့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ သဲနှင့်ဖုန်မုန်တိုင်းများ၊ သီးနှံအထွက်နှုန်းလျော့ကျခြင်း၊ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ဆင်းရဲမွဲတေမှုနဲ့ ရောဂါဘရများထူပျောလာနိုင်ပါတယ်။

မေး- သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ဖို့နဲ့ မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ဖို့ ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာ သိပါရစေ။

ဖြေ- သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ဖို့နဲ့ မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ဖို့ဆိုရင် မြေယာတွေကို ပြန်လည်ပြုပြင် ထိန်းသိမ်းပေးကြရမှာဖြစ်ပါတယ်။ မြေယာပြန်လည်ထူထောင်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေကတော့ ဒီပျက်စီးသွားတဲ့ မြေအမျိုးအစားပုံစံနှင့် ဒေသခံလူထု၏ လိုအပ်ချက်များအပေါ်မူတည်၍ ကွဲပြားမှုရှိပါသည်။ ဂေဟစနစ်၏ပျက်စီး ယိုယွင်းမှု အတိုင်းအတာ (ဥပမာ-အပင်ဖုံးလွမ်းမှု၊ မြေဆီလွှာတိုက်စားမှု၊ ဌာနေဇီဝ သက်ရှိများဆုံးရှုံးခြင်း)၊ ရေအရည်အသွေးနှင့် မြေဆီလွှာအရည်အသွေးများ သတ်မှတ်စံနှုန်းအတိုင်းရောက်ရှိ စေရန်လိုအပ်ခြင်းစသည့် ဧရိယာများကို ဦးစားပေးဆောင်ရွက်ရန် အရေးကြီးပါသည်။ ရာသီဥတုဒဏ်ခံနိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် အသီးအနှံများ၊ အပင်များစိုက်ပျိုးခြင်း၊ သစ်တောများ ပြုစုပျိုးထောင်ခြင်း၊ ရေရှည်တည် တံ့သောမြေယာစီမံခန့်ခွဲမှု အလေ့အထများကို အကောင်အထည်ဖော်ခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ထူထောင်ခြင်းနှင့် မြေဆီလွှာ ကျန်းမာရေးနှင့် ကုန်ထုတ်စွမ်းအား ပြန်လည်ကောင်းမွန်လာစေရန် ပတ်ဝန်းကျင်နှင့် ညီညွတ်သော စိုက်ပျိုးရေးစနစ်များ ကျင့်သုံးခြင်း၊ ရေချွေတာသုံးစွဲခြင်း၊ မိုးရေစုဆောင်းသိုလှောင်ခြင်းနှင့် မြေအောက်ရေပြန်လည်ဖြည့်တင်းခြင်းစသည့် အစီအမံများပါဝင်ပါသည်။

ကျန်းမာသောမြေဆီလွှာများသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်အများအပြားကို စုပ်ယူကာသို လှောင်သိမ်းဆည်းနိုင်သည့် ကာဗွန်စုပ်ခွက်များအဖြစ် လုပ်ဆောင်နိုင်ကြပါသည်။ ကုန်းမြေဂေဟစနစ်တွင် သိုလှောင်ထားသော ကာဗွန်(၈၀)ရာခိုင်နှုန်းနီးပါးကို မြေဆီလွှာတွင် တွေ့ရှိရတာဖြစ်လို့ ပျက်စီးယိုယွင်းနေသော မြေများကို ပြန်လည်ထူထောင်ခြင်းသည် ကာဗွန်ကိုစုဆောင်းရန်၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ပါးစေရန်နှင့် မိုးခေါင်ရေရှားပါးမှုကို ဖြစ်စေတဲ့ရာသီဥတုပြောင်းလဲမှုဒဏ်များ လျော့ပါးရေးအတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုများကို အထောက်အကူဖြစ်စေနိုင်ပါသည်။

မေး-မြေယာပြန်လည်ထူထောင်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေမှာ လိုက်ပါ ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကို သိပါရစေ။

ဖြေ- မိုးခေါင်ရေရှားမှု ကြံ့ကြံ့ခံနိုင်ရည်ရှိရေးလုပ်ငန်းစဉ်များနှင့် မြေယာပြန်လည် ပြုပြင်ရေးလုပ်ငန်းများတွင် ဒေသခံအသိုင်းအဝိုင်းများနှင့် သက်ဆိုင်သူများ ပါဝင်ဆောင်ရွက်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်ကို တည်ဆောက်နိုင်ပြီး ရပ်ရွာစည်းလုံးညီညွတ်မှုကို မြှင့်တင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်း လဲမှုအပေါ်ခံနိုင်ရည်ရှိသည့် ရေရှည်တည်တံ့စေမည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း အောင် မြင်ဖြစ်ထွန်းစေရန် ခွန်အားပေးနိုင်ပြီး ရာသီဥတုပြောင်းလဲမှုနဲ့ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ ရည်ရွယ်ချက်တွေကိုလည်း ပြည့်မီအောင်ဆောင်ရွက်သွာနိုင်မှာဖြစ်ပါတယ်။

မေး- မြန်မာနိုင်ငံမှာ ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဘယ်လိုကျင်းပမလဲဆိုတာ သိပါရစေ။

ဖြေ- နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒသကြီးနဲ့ပြည်နယ်အသီးသီးမှာ ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ပြုလုပ်ခြင်း၊ အထိမ်းအမှတ် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ဟောပြော ပွဲများကျင်းပခြင်း၊ ဆောင်းပါးနဲ့ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိ ပညာပေးတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပြီး နေ့စဉ်ထုတ် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုစတဲ့ မီဒီယာတွေကနေ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပိုစတာတွေဖော်ပြခြင်းနဲ့ တေးသီချင်းတွေကို ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြိုင်ပွဲဝင် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးစာမူများကို စိစစ်အကဲဖြတ်ပြီး ဆုရရှိသူများကို ၂၀၂၄-ခုနှစ် ဇွန်လ(၅) ရက်နေ့တွင်ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ အဖြစ်ရွေးချယ်ပြီး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးအပါအဝင် ခရိုင်ရုံးတွေနဲ့မြို့နယ်ရုံးတွေမှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပိုစတာဆိုင်းဘုတ်များကိုလည်း စိုက်ထူသွားမှာဖြစ်ပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဘာတွေများမျှဝေ အသိပေးချင်ပါသလဲ။

ဖြေ- လက်ရှိပြည်သူတွေရဲ့လိုအပ်ချက်တွေ အနာဂတ်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဆက်လက်ဖြည့် စွမ်းပေးနိုင်ဖို့အတွက် လူမှုဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုစတဲ့ မဏ္ဍိုင်(၃)ရပ်ကိုအခြေခံပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့ ပတ်ဝန်းကျင်ရရှီအောင် ကျွန်တော်တို့အနေနဲ့ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းနဲ့ ပြည်သူလူထုအနေနဲ့လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက်ပူးပေါင်း ဆောင်ရွက်သွားကြဖို့ အသိပေးတိုက်တွန်းချင်ပါတယ်။

ဖုန်ကန်(ပူတာအို)