မိုးညှင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးရွာစီမံကိန်း(ထပ်တိုး) ဒုတိယစက်ဝန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း(၁၉၀၀) လွှဲပြောင်းပေးအပ်

မိုးညှင်း မေ ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးကျေးရွာစီမံကိန်း(ထပ်တိုး) ဒုတိယစက်ဝန်းထောက်ပံ့ငွေကျပ် သိန်း(၁,၉၀၀)အား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်သမဝါယမဦးစီးမှူးတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသော စိုက်ပျိုးရေးနှင့်မွေးမြူရေး ကျေးရွာစီမံကိန်း (ထပ်တိုး) ဒုတိယစက်ဝန်း ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာစီမံကိန်းကော်မတီဝင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေးလုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းကျေးရွာ (၄)ရွာသို့ ထောက်ပံ့ငွေကျပ် သိန်း(၁,၆၀၀)ကိုလည်းကောင်း၊ သမဝါယမလုပ်ငန်းဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်နေသည့် ပင်းဟဲစီမံကိန်းကျေးရွာသို့ ထောက်ပံ့ငွေကျပ် သိန်း(၃၀၀)ကိုလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း (၁,၉၀၀)ကို အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း