ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကချင်ပြည်နယ်၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲများသို့ တက်ရောက်

မြစ်ကြီးနား မေ ၂၄

ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဇွန် ၂၆ ရက်နေ့အထိ သတ်မှတ်၍ နိုင်ငံတစ်ဝှမ်းလုံးတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား/ ကျောင်းသူလေးများက “ဒို့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး အချိန်မီ ကျောင်းအပ်နှံကြရန်၊ ကျောင်းတက်နှုန်း မြင့်မားစေရန်၊ ကျောင်းထွက်နှုန်းလျော့နည်းစေရန် ပုံမှန်အတန်းစဉ်ကူးပြောင်း သင်ကြားနိုင်ရန်၊ အနာဂတ်ပညာရေး ပိုမိုကောင်းမွန်လာစေရန်နှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူများအားလုံး ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး မိမိတို့အားလုံးက အမျိုးသားရေးတစ်ရပ်အနေဖြင့် ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနက ထောက်ပံ့သည့် မူလတန်းဆင့်သင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်ပြဌာန်းစာအုပ် (၁)စုံ၊ ဗလာစာအုပ်(၁) ဒါဇင်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ (၁)စုံတို့ကိုလည်းကောင်း၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်သင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်(၁)စုံ၊ ဗလာစာအုပ်(၁) ဒါဇင်၊ ဘောပင်(၂)ချောင်းနှင့် ခဲတံ(၂)ချောင်းတို့ကို လည်းကောင်း၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ တေးသီချင်းသီဆိုဖျော်ဖြေသည့် ကျောင်းသား/ကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ် (၈)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများက Grade-1 မှ Grade -12 အထိ ကျောင်းအပ် လက်ခံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ အလားတူ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများတွင်လည်း ကျောင်းအပ်နှံရန် လာ‌ရောက်သူများအား ကျောင်းအုပ်၊ ဆရာ၊ဆရာမများကစာရင်းသွင်းလက်ခံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လျက်ရှိသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက် ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်စေတီတော်၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ‌မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က ဦးစီးကျင်းပသည့် တတိယအကြိမ် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို စေတီတော်အနောက်ဘက်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ခေမာသီဝံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာန ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆရာတော်များထံမှ ငါးပါးသီလခံယူ‌ဆောက်တည်ကြကာ မေတ္တာ သုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်/သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တတိယအကြိမ် အသံမစဲမဟာပဌာန်းပွဲဖြစ်မြောက် ရေးအတွက် လှူဒါန်းပူဇော်ခဲ့ကြသည့် အလှူရှင်များအား ပြည်နယ်စီးပွားရေးရာဝန်ကြီးက ကျေးဇူး တင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြပြီး ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကသည်။

ယင်းနောက် ဆရာတော်/သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက ပဌာန်းသိမ်း‌အောင်ပွဲအဖြစ် ထေရ်ကြီးဝါကြီး ဆရာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင် တို့အား ဆွမ်းဆန်တော်၊ ဆေး၊ လှူဖွယ်ပစ္စည်းများကို စေတီတော် ပုရဝုဏ်တစ်လျှောက် သတ်မှတ် နေရာအသီးသီးမှ လောင်းလှူပူဇော်ခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်