မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၈)ကျောင်းတွင် ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်

မိုးညှင်း    မေ  ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၃)ရက်မှစတင်၍ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၈)ကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့်ရရှိစေရေးအတွက် ကျောင်းအပ်လက်ခံကြခြင်းကို ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း (၁၉၇)ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း (၂)ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်း (၉)ကျောင်း စုစုပေါင်း (၂၀၈)ကျောင်းတွင် မေလ(၂၃)ရက်မှ ဇွန်လ(၂)ရက်ထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် စာသင်ကျောင်းများတွင် လာရောက် အပ်နှံကြလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း