မိုးညှင်း မေ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မေ (၂၂) ရက် ညနေပိုင်းက ကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး ဖွား၊ ပွင့်၊ ဟောစံ၊ ဗျာဒိတ်ခံ ဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ဆက်စပ်ပြီးထူးခြားမှုများနှင့်ပြည့်စုံသော နေ့ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်ကို အာရုံပြုပြီး ဗောဓိညောင်ပင်တို့တွင် ညောင်ရေသွန်းလောင်းပွဲကို စည်ကားများပြားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့အတွင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းဘုရားကြီး၊ ဆုတောင်းပြည့် ကျားဖြူရှင်စေတီဘုရား၊ ဆုတောင်းပြည့်ကပ်ကျော် ဇမ္ဗူအေးမြို့ဦးစေတီဘုရား၊ မဟာနိမ္မိတမုနိ မြသိန်းတန်ဘုရားကြီးနှင့် တောင်ပေါ်ကျောင်းဘုရား စေတီပုထိုးရုပ်ပွားတော်တို့တွင် ရွှေသင်္ကန်းများကပ်လှူကြခြင်း၊ မျက်နှာသစ်တော်ရေဆက်ကပ်ခြင်း၊ ဘက်စုံအလှူငွေများ လှူဒါန်းကြခြင်း၊ ဘုရားလာရောက်ဖူးမြော်ကြခြင်း၊ ကုသိုလ်ဘာဝနာပွားများခြင်း၊ တရားဘာဝနာ အားထုတ်ခြင်း၊ ဝတ်ရွတ်အဖွဲ့မှ ဝတ်ရွတ်ပူဇော်ကြခြင်း၊ ဥပုသ်သီလစောင့်တည်ကြခြင်း၊ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများဆက်ကပ်လှူပူဇော်ကြခြင်း၊ ကုသိုလ်ဒါနအဖြစ် စတုဒိသာကျွေးမွေးခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း