ဟိုပင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများ စတင်

ဟိုပင် မေလ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟိုပင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများကို ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ် ထားကြောင်းသိရသည်။

မိုးသန္တာဦး(ပြန်/ဆက်)