မိုးကောင်း မေ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ညောင်ရေသွန်း လောင်းပူဇော်ခြင်းကို ရွှေသာလျောင်းမြတ်စွာဘုရားကြီးဝန်းရှိ မဟာဗောဓိညောင်ပင်၌ မေလ(၂၂) ရက် ညနေ(၄)နာရီတွင် ကျင်းပခဲ့သည်။
ဗုဒ္ဓနေ့အထိမ်းအမှတ် မြတ်စွာဘုရားပုံတူတော်ကို သာသနာ့အလံကိုင်၊ မြို့ပေါ်ရပ်ကွက်တို့မှ ဝတ်အသင်းသူများက မြို့တွင်းလှည့်လည်ပူဇော်ခဲ့ကြပြီး ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။
အခမ်းအနားကို တက်ရောက်လာသူ ပရိတ်သတ်ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တောင်ကျောင်းဆရာတော်ဘုရားထံ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး နဝကမ္မအလှူငွေများ ဆက်ကပ်ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်တို့မှ ဇယန္တောဗောဓိယာအောင်ဂါထာတော်ဖြင့် ပူဇော်ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့မှ အရပ်(၁၀)မျက်နာ မေတ္တာပို့အမျှဝေကြသည်။
ထို့နောက်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီးမြောက်ခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝတ်အသင်းသူအသင်းသားများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဘုရားပွင့်တော်မူရာ မဟာဗောဓိညောင်ပင်အား ကဆုန်ညောင်ရေ သွန်းလောင်းကြကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)