ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်  

မြစ်ကြီးနား မေ ၂၂

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းလှပလာစေရေး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ‌ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ကျောင်းဝင်းအတွင်း ပြည်နယ်ပညာရေးမှူး၊ ကျောင်းအုပ်နှင့် သင်ကြားရေး ဆရာ/ ဆရာမများက အမှတ (၈) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စာသင်ဆောင်များအကြားရှိ သစ်ပင်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ မြက်နှင့် အမှိုက်များ ရိပ်သိမ်းပေးခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်တူးဖော်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းဖွင့်ချိန်အမီ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ခြင်၊ ယင်အန္တရာယ်ကင်းဝေးရေးကို အလေးထားလုပ်ဆောင်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံဝင်းအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပဉ္ဇမအကြိမ်အဖြစ် အငြိမ်းစားပင်စင် လစာထုတ်ပေးခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ရှေးဦးစွာ ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းကြီးများနှင့် မိသားစုများအတွက် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာသည့် ဆန်နှင့် အသား/ ငါးများအား အခွန်လွတ် ဈေးဆိုင်ငယ်ဖွင့်လှစ်ရောင်းချပေးနေမှုများ၊ စနစ်တကျ စီတန်းဝယ်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့် ဘဏ်ဝန်ထမ်းများက ပင်စင်လစာများ စနစ်တကျထုတ်ပေးခြင်း၊ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစာသက်ကြီး ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပြီး ကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့ပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီး (၃)ထပ် လူနာဆောင်သို့ သွားရောက်ပြီး အရိုးရောဂါကြပ်မတ်ကုသရေးဌာန၌ ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသော ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးကာ ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ကုသပေးနေမှုအခြေအနေများကိုလည်းကောင်း မေးမြန်းဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့ကလည်း ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတို့တွင် မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ပြည်သူ့ဆေးရုံများတွင် ခွဲစိတ်ကုသမှုခံယူရန် ရောက်ရှိလာကြသော လူနာများနှင့် လူနာများ၏ မိသားစုများအား ရင်းရင်းနှီနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ကချင်ပြည်နယ်နေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့အတူ နှစ်စဉ်ထုတ်ဝေဖြန့်ချိသည့် ပြည်နယ်နေ့အထိမ်းအမှတ်မဂ္ဂဇင်းသည်လည်း ပြည်နယ်နေ့နှင့်အတူ အဓိကအခန်းကဏ္ဍတစ်ခုတွင် ပါဝင်ပါကြောင်း၊ ထို့အပြင် နှစ်ပတ်လည်မဂ္ဂဇင်းကို တစ်နှစ်ပြီး တစ်နှစ်ပိုမိုအဆင့်မီအောင်၊ အနုပညာ၊ ဗဟုသုတ၊ ရသမြောက်အောင် ပြင်ဆင်ထုတ်ဝေနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့် (၇၇)နှစ်မြောက် ပြည်နယ်နေ့တွင်လည်း နှစ်ပတ်လည်မဂ္ဂဇင်းကို အစဉ်အလာမပြတ်၊ ရသပြည့်မီစွာ၊ ခေတ်မီသစ်လွင်စွာ ထုတ်ဝေနိုင်ရေး အားလုံးက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းနိုင်ရေး၊ ယခင်နှစ်များတွင် ထုတ်ဝေခဲ့သည့် နှစ်ပတ်လည်မဂ္ဂဇင်းများ၏ အားနည်းချက်/ အားသာချက်များနှင့် လာမည့်နှစ် နှစ်ပတ်မဂ္ဂဇင်းစာအုပ်တွင် ပြင်ဆင်ဖြည့်စွက်ဖော်ပြသင့်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလီဘောပြိုင်ပွဲတွင် တတိယဆုနှင့် (၃)နှစ်ဆက်တိုက် ရိုက်ခုတ်အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သော ပြည်နယ်အမျိုးသမီးဘောလီဘောအသင်း၏ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘောလီဘောအသင်းမှ နည်းပြဦးဇော်ဝင်းထွန်းက ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများနှင့် ဆုများရရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲတွင် တတိယဆုနှင့် (၃)နှစ်ဆက်တိုက် ရိုက်ခုတ်အကောင်းဆုံးဆုရ ကစားသမားတို့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြရာ လက်ရွေးစင်ကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး လက်ရွေးစင်အသင်း နည်းပြ၊  အုပ်ချုပ်သူ အားကစားသမားများနှင့်အတူ နံနက်စာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)