မိုးညှင်းမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကျင်းပ

မိုးညှင်း   မေ  ၂၁

ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ရွာသစ်ကုန်းကျေးရွာမှ တောင်သူ(၄၂)ဦး၊ ဧက(၂၃၀)ဧကအတွက် ချေးငွေကျပ် (၃၄၅)သိန်းအား ယနေ့နံနက် (၁၀)နာရီခွဲမှစတင်၍ အဆိုပါဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။

ဦးစွာ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးညှင်းခရိုင်ဘဏ်ခွဲမှ တာဝန်ခံ မန်နေဂျာ ဒေါ်ယဉ်ယဉ်စိုးက လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူများ အချိန်နှင့် တပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ချေးငွေညွှန်ကြားစာပါ ချေးငွေ စည်းကမ်းသတ်မှတ်ချက်များနှင့် သီးနှံအာမခံထားရှိရမည့် အကြောင်းအရာများကို ပြောကြားပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စိုက်ပျိုးစရိတ် ချေးငွေများနှင့်ပတ်သက်၍ လုပ်ငန်းကဏ္ဍများအလိုက် တက်ရောက်လာကြသည့် ရွာသစ်ကုန်း ကျေးရွာမှ တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၄၃)အုပ်စုမှ တောင်သူ (၆၅၀၀)ဦးအား တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းနှုန်းဖြင့် မိုးစပါးစိုက်ဧက (၄၇၉၈၆)ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ် သိန်းခုနှစ်သောင်း တစ်ထောင် ကိုးရာ ခုနှစ်ဆယ့် ကိုးသိန်းကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။

ရွှေမိုးညှင်း