ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာကျောင်း များ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ‌ဆောင်ရွက်၊ ပူတာအိုဒေသသို့ အခြေခံစားသောက်ကုန်များ တင်ပို့ထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ   ၂၀

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းလှပလာ စေရေး စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို မေ ၂၀ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ‌ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့သန့်ရှင်း‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်ပညာရေးမှူး၊ ကျောင်းအုပ်နှင့် သင်ကြားရေး ဆရာ၊ ဆရာမများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များ အကြားရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ခြင်း၊ မြက်နှင့်အမှိုက်များ ရိပ်သိမ်းပေးခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင်ပြန်လည်တူးဖော် ဆောင်ရွက်ပေးခြင်းတို့ကိုလည်းကောင်း၊ အလားတူ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌လည်း သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပူတာအိုခရိုင်အတွင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးအား နယ်မြေလုံခြုံရေး အခြေအနေအရ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခြင်းမရှိသည့်အတွက်ကုန်ဈေးနှုန်းမြှင့်တက်မှုကြောင့် ဝန်ထမ်းများနှင့်ဒေသခံပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသသို့ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသည့်အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးစပါး စိုက်ပျိုးချိန်မီ လယ်ယာလုပ်ငန်းခွင်များတွင် အသုံးပြုနိုင်ရေး ဒီဇယ်စက်သုံးဆီများကို ယခင်လက စတင်၍ လေကြောင်းဖြင့် တင်ပို့‌ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါမော်တော်ယာဉ်ကြီးများ ဖြတ်သန်း သွားလာနိုင်ခြင်းမရှိသေးသည့်အတွက် ဒေသတွင်းကုန်ဈေးနှုန်းမြှင့်တက်လာသဖြင့် နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများအတွက် စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး စီစဉ်‌ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားစသည်တို့ကို ပူတာအိုသို့ လေကြောင်းဖြင့် တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ အခြေခံစားသောက်ကုန်များ အပြင် ဆေးဝါးပစ္စည်းများကိုပါ တင်ပို့နိုင်ရေး၊ ကနဦး လိုအပ်သည့် အခြေခံစားသောက်ကုန်များကို ရွေးချယ်တင်ပို့ထောက်ပံ့နိုင်ရေးနှင့် စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရေးကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး၊ ဒေသတွင်း ပြည်သူများ၊ ဝန်ထမ်းများအပါ အဝင် တစ်ပိုင်တစ်နိုင် အသီးအရွက်စိုက်ပျိုးခြင်းအလေ့အထကို လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ရေရှည် အတွက် စည်းရုံးလှုံ့ဆော်သွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ ညနေပိုင်း ကလည်း မြစ်ကြီးနားမြို့၊ ပြည်နယ်ဘောလုံးကွင်းအတွင်း သယံဇာတရေးရာဝန်ကြီးဌာန ဘောလုံးအသင်းနှင့် တရားဥပဒေစုပေါင်းဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်