မြစ်ကြီးနား မေ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုတိုးတက်ရေး၊ စားရေရိက္ခာဖူလုံစေရေးနှင့် ယာယီနေရပ်ခွာလာသည့် ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၇ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ နတ်ကြီးကုန်းရပ်ရှိ ဗုဒ္ဓပိယဘုန်း တော်ကြိးကျောင်းသို့ ဦးစွာ သွားရောက်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ ဆရာတော် ဦးဓမ္မပိယအမှူးပြုသော မြို့ပေါ်ရပ်ကွက်များမှ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းအတွက် ဆန်အိတ် (၁၀)အိတ်စီကို စုစုပေါင်း ဆန်အိတ် (၁၀၀)ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် မိုးညှင်းမြို့ မြို့တော်ခန်းမ၌ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ၊ (MSME) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြှင့်မားလာစေရေးကို ဆောင်ရွက်လျက်ရှိသည့် အပြင် သီးနှံအလိုက် (၁)ဧက ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအား အလေးအနက်ထား မှာကြားလိုသည်မှာ ဒေသတွင်း ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရပ်/ရွာအေးချမ်းသာယာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို အထူးပင်ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်မှမများအားလုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ပြီး နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင် ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒေသတွင်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ မြို့မိမြို့ဖများ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့က ခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမတောင်သူများအတွက် ထောက်ပံ့သည့် GW-11 အထွက်တိုးစပါး မျိုးစေ့အိတ် (၁၅၀)၊ မွေးမြူရေးတောင်သူများအတွက် မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများ၊ ဘာသာရေးအသင်းအဖွဲ့ (၁၀)ဖွဲ့အတွက် ဆန် (၁၀)အိတ်စီဖြင့် ဆန်အိတ် (၁၀၀)နှင့် ကချင်၊ ရှမ်းနှင့်ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအတွက် ဆန်အိတ် (၁၀)အိတ်စီဖြင့် စုစုပေါင်း ဆန်အိတ် (၃၀)အိတ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း MSME ချေးငွေရယူ၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်မည့် ပိုင်ရှင် ဦးအောင်ကြည်လတ်၏ တစ်ရက်လျှင် (၈)တန်ကျ ဆန်စက်လုပ်ငန်းနှင့် ဆီကြိတ်စက်လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ/ရပ်ဖများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်၊ မဟာသတိပဌာန်အရှေ့ရိပ်သာကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖယ်ပစ္စည်းများနှင့် ကျောင်းအတွက်ဆန်အိတ် (၂၅)အိတ်ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အဆိုပါကျောင်း၌ လတ်တလောနယ်မြေ မတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ယာယီတိမ်းရှောင်လာကြသည့် သီလရှင်ဆရာလေး (၈၆)ပါးအတွက် ဆန် (၂၅)အိတ်၊ အိမ်ထောင်စု (၉)စုတို့အတွက် ဆန်အိတ်(၁၈)အိတ်၊ ဆီ(၁)ပိဿာစီနှင့် ကြက်ဥ ၂၀ လုံးစီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြပြီး သီလရှင်ဆရာလေးများနှင့် အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ထို့နောက် အဆိုပါရပ်ကွက်အတွင်း ပိုင်ရှင်ဦးသိန်းဝင်း၏ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများဖြစ်သည့် ခမောက်လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ မိုးဒါးစုရပ်ကွက် အတွင်း ပိုင်ရှင်ဒေါ်စီစီ၏ တံမြက်စည်း လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ နောင်စွန်း ရပ်ကွက်အတွင်း ပိုင်ရှင်ဦးလှမြိုင်၏ ဝါး၊ ကြိမ်ခြင်းရက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ထိုမှတစ်ဆင့် နားခါရပ်ကွက်၊ ရန်ကင်းရပ်ရှိ ပိုင်ရှင်ဦးထွန်းဖေ၏ ဝါး၊ ကြိမ်ပစ္စည်းများ အသုံးပြု၍ လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပိုင်ရှင် ဦးထွန်းထွန်း၏ ဝါးခမောက် လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းစေရေး အတွက် ဈေးကွက်ရရှိမှု အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်ငွေ ပံ့ပိုးပေးနိုင်ရေးတို့အတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အဆိုပါရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများ၏ ဝက်မွေမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အစုအဖွဲ့ဖြင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမတည်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)