မြစ်ကြီးနား မေ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကြီးမှူး၍ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင် လောကမာရ် အောင်ဆုတောင်းပြည့်စေတီတော်၌ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော် သံဃာတော်ကြီးများ ကြွရောက်တော်မူကြသည်။
ရှေးဦးစွာ အသံမစဲမဟာပဋ္ဌာန်းပွဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြကာ ဆရာတော်ကြီးများက မဟာပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်ပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝနိမန္တဂါထာ ဖြင့် ပင့်ဖိတ်ခြင်းတို့ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသထံမှ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ တက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက သာသနာတော်ဆိုင်ရာများကို လျှောက်ထားတင်ပြသည်။ ထို့နောက် ကြွရောက်တော်မူလာကြသည့် သံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသကို ရွတ်ဖတ်ပူဇော်ကြပြီး ဆက်လက်၍ အလှည့်ကျ ဘာဏကသံဃာတော်များက ပဌာန်းပစ္စယနိဒ္ဒေသပါဠိတော်များကို စတင်ရွတ်ဖတ်ပူဇော်ကြသည်။ အဆိုပါ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွကို မေလ ၁၈ ရက်နေ့မှ မေလ ၂၃ ရက်နေ့ထိ (၆)ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခုတင်(၃၀၀)ဆံ့ အမှတ်(၁) တပ်မတော်ဆေးရုံသို့ သွားရောက်၍ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့အစည်းများက ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြစ်ကြီးနားမြို့၊ ပမ္မတီး ရပ်ကွက်သို့ လက်နက်ကြီး ကျရောက်မှုဖြစ်စဉ်ကြောင့် ထိမှန်ဒဏ်ရာရရှိသည့် ပြည်သူများနှင့် သေဆုံးသူ၏ မိသားစုဝင်များအား သွားရောက်တွေ့ဆုံအားပေးကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးပြီး ထောက်ပံ့ငွေကျပ် (၅၄၀၀၀၀၀)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်