ပူတာအို၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း

ပူတာအို မေ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သ‌င်္ဘောသီး၊ ဘုရင်သီး၊ မနီလာသီးစသည်တို့အား ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ သီးနှံအခြေခံတန်ဖိုးမြှင့်စား သောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို မေ(၁၇)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် နယ်မြေ(၃) အေဂျီအသင်းတော် ဆန်းဒေးစကူးလ်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် သင်းအုပ်ဆရာကြီး သိက္ခာတော်ရ ဖလားဒီးရမ်က အဖွင့်ဆုတောင်းပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးကိုယ်စား ဦးစီးမှူးဦးသန်းနိုင်က သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းသူများမှ လုပ်ငန်းထူထောင်မည့် သင်တန်းသူသုံးဦးအား လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခမ်းကိုင်က သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းထွက်ကုန်ချော ပစ္စည်းများကိုလည်းကောင်း၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်က သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။

ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ဝဒမ်းနင်ရမ်နှင့်အသင်းတော် ကိုယ်စား အသင်းတော် ကော်မတီဥက္ကဋ္ဌ ဦးဆရဲမနမ်းတို့က သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနား တက်ရောက်လာသူများနှင့် သင်တန်းသူများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ သင်တန်းထွက်ကုန်ချောများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကျောက်ဖရုံယိုပြုလုပ်နည်း၊ ဂရိတ်ဖရု (ယို၊ ဝိုင်၊ ဖျော်ရည်) ပြုလုပ်နည်း၊ သ‌င်္ဘောသီးယို (အချို၊ အစပ်) ပြုလုပ်နည်း၊ အာလူးကြော်နည်း၊ မနီလာသီး (ဖျော်ရည်၊ ယို) ပြုလုပ်နည်း၊ ဘုရင်သီး (ဖျော်ရည်၊ ယို) ပြုလုပ်နည်းများကို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက မေလ(၁၃) ရက်နေ့မှ(၁၇)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ သင်တန်းသူစုစုပေါင်း(၂၀)ဦးတို့အား စာတွေ့(၃၀) ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်းဖြင့် သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)