ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စုအတွင်း ယာယီနေရပ်စွန့်ခွာသူများအား သွားရောက်တွေ့ဆုံအားပေး၊ လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား မေ ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လတ်တလောနယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်ကြောင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နောင်ချိန်းကျေးရွာအုပ်စုအတွင်း ယာယီနေရပ်စွန့်ခွာသူများအား အမိုး/ အကာအောက်တွင် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ မေ ၁၅ ရက် မွန်းလွဲ ၁ နာရီက နောင်ချိန်းကျေးရွာသို့ သွားရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် နောင်ချိန်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ အိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ နေထိုင်စားသောက် မှုကိစ္စရပ်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဒုတိယအကြိမ် လာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မကြာမီ မိုးကျတော့မည်ဖြစ်သည့်အပြင် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် မိသားစုများနေအိမ်အမိုးအကာဖြင့် အဆင်ပြေစွာ နေထိုင်နိုင်ရေး၊ ကလေးငယ်များ ကျောင်းအပ်နိုင်ရေးကို စီမံဆောင်ရွက်ပေးလိုပါကြောင်း၊ လိုအပ်ချက်၊ အခက်အခဲများကို အတူတကွ ဝိုင်းဝန်းဖြေရှင်းကြရေး အားပေးပြောကြားသည်။

ဆက်လက်၍ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွှေညောင်ပင်၊ အောင်မြေ(၁)၊ ဂါးရာယန်၊ ဝူယန်နှင့် လမြန်ကျေးရွာများမှ နောင်ချိန်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ‌နောင်ချိန်းလော်ဝေါ်ဘုရားကျောင်း၊ နောင်ချိန်းအခြေခံပညာကျောင်းနှင့် ရွှေညောင်ပင်ပန်းခြံတို့တွင် ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၃၈၅)စု၊ လူဦးရေ(၁၆၁၃)ဦးတို့ ကိုယ်စားစခန်းတာဝန်ခံများက နေအိမ်များ တည်ဆောက်ရာတွင် လိုအပ်ချက်များ၊ ကျန်းမာရေး၊ ပညာရေးနှင့် သောက်သုံးရေ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စု(၃၈၅)စုတို့အတွက် ဆန်(၃၈၅)အိတ် လာရောက်ပေးပို့နိုင်ရေးနှင့် အိမ်ထောင်စုများအတွက် သောက်သုံးရေအခက်အခဲဖြစ်ပေါ်မှုအပေါ် စက်ရေတွင်း တူးဖော်နိုင်ရေးအတွက် ငွေကျပ် ၃၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်ချိန်းအခြေခံပညာအထက်တန်း ကျောင်းဝင်း အနောက်ဘက် မြစ်ကမ်းဘေး၌ ယာယီခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ်တန်းလျားများ တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ထပ်မံတည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စခန်းခြံစည်းရိုးကာရံနိုင်ရေးအတွက် ငွေကျပ် (၁၀)သိန်းနှင့် ကျား/မ ရေချိုးခန်း(၂)လုံး တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် နောင်ချိန်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဖွင့်လှစ်ထားသည့် ယာယီခိုလှုံရာ စခန်းသို့ သွားရောက်ပြီး အိမ်ထောင်စုများ၏ ကလေးများအတွက် မုန့်များလိုက်လံဝေငှကျွေးမွေးခဲ့ကြပြီး စခန်းအတွင်း မိသားစုများ နေထိုင်လျက်ရှိသည့် အခြေအနေများ၊ နေအိမ်တန်းလျားများ တည်ဆောက်နေရာချထားပေးမှု အခြေအနေများနှင့် လိုအပ်ချက်များကို စခန်းတာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးကာ နေအိမ်များသို့ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေးနှင့် ရေအိမ်သာများ ထပ်တိုးတည် ဆောက်ပေးနိုင်ရေးအတွက် ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် နောင်ချိန်းကျေးရွာအတွင်းရှိ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် မိသားစုများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး ကျောင်းဝင်းအတွင်း ရေတွင်းတူးဖော်ထားရှိမှု အခြေအနေများ၊ နေအိမ်တန်းလျားများအားလုံး သွပ်မိုးနိုင်ရေးအတွက် တွက်ချက်တင်ပြနိုင်ရေး၊ ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်‌ဆောင်ရွက်ထားရှိမှု အခြေအနေများကို မိသားစုများအား ရှင်းလင်းပြောကြားခဲ့ပြီး ရေအိမ်သာများ ထပ်တိုးတည်ဆောက်နိုင်‌ရေးအတွက် ငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်