လူရည်ချွန်အပန်းဖြေစခန်းမှပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ဗန်းမော် မေ ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန်မောင်မယ် ကျောင်းသားကျောင်းသူများသည် လူရည်ချွန်လေ့လာရေး အပန်း‌ဖြေစခန်းများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီး မေလ ၅ ရက် မွန်းလွှဲ (၂)နာရီခွဲတွင် ဗန်းမော်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ဗန်းမော်လေဆိပ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဂုဏ်ပြုကြိုဆိုရာတွင် လူရည်ချွန်မောင်မယ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ခရိုင်ပညာရေးမှူး ဦးထွန်းအေးကျော်၊မြို့နယ်ပညာရေးမှူး ဒေါ်ထုလွမ်နှင့်ဆရာ ဆရာမများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ နှင့်မိဘအုပ်ထိန်းသူများက ပန်းကုံး၊ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး လေဆိပ်ခန်းမတွင် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ထို့နောက်ကြိုဆိုသည့် ယာဉ်တန်းများဖြင့်လေဆိပ်မှထွက်ခွာလာရာ လမ်းတလျှောက်ရှိ မိဘပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။ လူရည်ချွန်မောင်မယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင်ကျင်းပရာ လူရည်ချွန်မောင်မယ်များ၏ကိုယ်စား ချယ်ရီတန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-11 ကျောင်းသား လူရည်ချွန် (နှစ်ထပ်ကွမ်း) မောင်ကောင်းဆက်သာက ရှင်းလင်းပြောကြားသည်။

အဆိုပါ လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့်ချောင်းသာ လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ ဧပြီလ (၂၄) ရက်နေ့မှစတင်၍ သွားရောက်လေ့လာခဲ့ကြပြီး မေလ (၅) ရက်နေ့က မန္တလေးလေဆိပ်မှ ဗန်းမော်လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)