ဗန်းမော်မြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

ဗန်းမော်  မေ  ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က သာစည်ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က တိုင်းရင်းသားမိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့်အခြားသော ဘေးအန္တရာယ်အမျိုးမျိုးမှ ခေတ်အဆက်ဆက်ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ်အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် (၇၈) နှစ်မြောက်ပြည့်ပြီဖြစ်ကြောင်း၊  မီးသတ်တပ်ဖွဲ့ဝင်များသည် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့ အသက်နှင့်ခန္ဓာကိုယ်ကိုအရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပါကြောင်း၊ နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်းချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက် သွားကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဗန်းမော်ခရိုင်မီးသတ်တပ်ဖွဲ့မှ ခင်းကျင်းပြသထားသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များဆိုင်ရာ လမ်းညွှန်မှုမှတ်တမ်းပုံများ၊ မီးဘေးလုံခြုံရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းပုံများ၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းတွင်အသုံးပြုသည့်ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ အခမ်းအနားသို့တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကြက်ခြေနီအသင်းအဖွဲ့များက လှည့်လည်ကြည့်ရှုခဲ့ပြီး အခမ်းအနား  ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်