နောင်မွန်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်လှစ်

နောင်မွန်း မေ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အနေဖြင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း ထလမ်ရာဇီခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်များနှင့် ကြက်ခြေနီနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ရှင်းလင်းပို့ချပေးခဲ့ပြီး ရှေးဦးသူနာပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ၊ ရှေးဦးပြုစုခြင်း သဘောတရားများ၊ ဆေးထည့်ခြင်းနှင့် ပတ္တီးစည်းနည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေဝန်ထမ်းများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ လူငယ်လူရွယ် ၁၁၀ ဦးခန့် တက်ရောက် လေ့လာသင်ယူလျက်ရှိသည်။

အဆိုပါ သင်တန်းကို မေလ ၂ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နမ်ပန်ဒမ်းကျေးရွာ၊ ထန်ထုကျေးရွာများသို့လည်း ကွင်းဆင်သင်ကြားပို့ချ‌ပေးလျက်ရှိသည်။ ထိုသို့ သင်ကြားပို့ချပေးခဲ့သော သင်ခန်းစာများကို စာတွေ့လက်တွေ့ ပြန်လည်ဆန်းစစ်ပြီး ထူးချွန်သူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ကျောင်းကြက်ခြေနီတပ်ဖွဲ့များနှင့် ကျေးရွာရပ်ကွက်ကြက်ခြနီတပ်ဖွဲ့များတွင် ထည့်သွင်းဖွဲ့စည်းခြင်းများ‌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)