မိုးညှင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် လူနေအိမ်များနှင့် ဓာတ်တိုင်များ ကျိုးကျပျက်စီးမှုဖြစ်ပွား

မိုးညှင်း မေ ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မေလ(၂)ရက် မွန်းလွဲ(၁)နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ၊ သစ်ပင်နှင့်ဓာတ်တိုင်များ ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးများကြွေကျခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ကျေးရွာအုပ်စုများဖြစ်သည့် အင်ကြင်းကုန်းကျေးရွာအုပ်စု၊ ပင်းဟဲကျေးရွာအုပ်စုနှင့် ဘီလူးကျေးရွာအုပ်စုများတွင် လူနေအိမ်(၁၀၀)ကျော်နှင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် အမိုးလှန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများ၊ သစ်ပင်လဲကျခြင်းနှင့် ဓာတ်တိုင်များ ကျိုးကျပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ အဆိုပါလေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မိုးညှင်းမြို့နှင့် ဘီလူးကျေးရွာအုပ်စုကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံးပတ်နှစ်ပေခန့်၊ အမြင့်(၂၅)ပေခန့်ရှိ သစ်ပင်လဲကျမှု ဖြစ်ပွားခြင်းနှင့် လူနေအိမ်များ အမိုးလှန်ပျက်စီးခဲ့မှုကြောင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ Chain Saw (၆)လက်နှင့်ရဲဒင်း(၇)လက်တို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျဉ်အမြန် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း