ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ် MSMEs ဒေသထုတ်ကုန်ပြပွဲ၊ ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်

မြစ်ကြီးနား မေ ၂

၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ MSMEs ဒေသထုတ်ကုန်ပြပွဲ၊ ဈေးရောင်းပွဲနှင့် MSMEs လုပ်ငန်းရှင်များပါဝင်သည့် Talk Show စကားဝိုင်း ဆွေးနွေးပွဲကို မေ ၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်ဝန်ကြီးများက ပြပွဲနှင့်ဈေးရောင်းပွဲတော်မုခ်ဦး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ကျောင်းဝင်းအတွင်း၌ ပြည်နယ်တွင်း MSMEs လုပ်ငန်းရှင်များက ခင်းကျင်းပြသထားသည့် ဒေသထွက်စိုက်ပျိုးရေးသုံးပစ္စည်းနှင့် အသီးအနှံများ၊ ရိုးရာရက်ကန်းထည်များနှင့် အဝတ်အထည်များ၊ စားသုံးဆီနှင့် စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်များ၊ မွေးမြူရေးထွက်ကုန်ပစ္စည်းများ၊ ကျောက်စိမ်း၊ ပယင်းအချောထည်နှင့် လက်ဝတ်ရတနာများ၊ ရေခဲတောင်ဒေသ ထွက်ဆေးဝါးပစ္စည်းများနှင့် တိုင်းရင်းဆေးဝါးပစ္စည်းများ၊ စက္ကူနှင့်လူသုံးကုန်ပစ္စည်းများ၊ သစ်သားပန်းပု ဝါးလက်မှု အချောထည်အမျိုးမျိုး စသည့် MSMEs လုပ်ငန်းထုတ်ကုန် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါကျောင်းရှိ အေးမြသီတာခန်းမ၌ ကျင်းပသော MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲနှင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို တက်ရောက်ရာ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူ ဦးဆောင်၍ မြန်မာ့စီးပွားရေးဘဏ်မှ ပြည်နယ်ဘဏ်မန်နေဂျာ၊ ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြည်နယ်မန်နေဂျာ၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များသည် MSMEs ချေးငွေ၊ ဆီစက်ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများအလိုက် ဥပဒေ၊ မူဝါဒဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များ၊ စီးပွားရေးလုပ်ငန်းရှင်များက ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် လုပ်ငန်း အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသူများက သိရှိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရာ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်အတွင်း MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်ကုန်များဈေးကွက်ရရှိ ရေးအတွက် ပြည်နယ်အတွင်းဈေးရောင်းပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်ဈေးရောင်းပွဲ တော်တွင် MSMEs ဈေးဆိုင်ခန်း (၈)ခန်းနှင့် ဒေသထွက်ပစ္စည်းမျိုးစုံကို မူရင်းဈေးအတိုင်း ပြသရောင်းချလျက်ရှိပြီး ဈေးဝယ်သူများ၊ လာရောက်လေ့လာသူများနှင့် စည်ကားလျက်ရှိသည်။

အဆိုပါ ဒေထွက်ကုန်၊ MSMEs ဒေသထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား ဒေသခံပြည်သူများ လွတ်လပ်စွာ လာရောက်ကြည့်ရှုဝယ်ယူနိုင်ရေး မေလ(၁)ရက်နေ့မှ မေလ(၂)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)