မိုးညှင်းမြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များအား စွမ်းရည်မြှင့်တင်ခြင်း အခမ်းအနားကျင်းပ

မိုးညှင်း ဧပြီ ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့များအား စွမ်းရည်မြှင့်တင်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က မြို့နယ်အတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ လက်ရှိဖြစ်ပေါ်နေသည့် အွန်လိုင်းများမှတစ်ဆင့် လူကုန်ကူးမှုအခြေအနေများနှင့် ပြည်တွင်းပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် လူကုန်ကူးခံရနိုင်သည့် အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ သိရှိလိုသည်များအား အသီးသီး မေးမြန်းဆွေးနွေးကြပြီး လိုအပ်သည်များကို ယင်းတပ်ဖွဲ့စိတ်မှူးက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း