ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနဝန်ထမ်း များနှင့်တွေ့ဆုံ၊ စားသောက်ကုန်ပစ္စည်းများထောက်ပံ့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပူတာအို   ဧပြီ   ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပူတာအိုခရိုင် အတွင်းမှဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လတ်တလောနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ(၂၈)ရက် နံနက်ပိုင်းက ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဝန်ထမ်းများအား စားသောက်မှု အဆင်ပြေစေရေးအတွက် ယခုလိုတတ်နိုင်သလောက် လာရောက်ထောက်ပံ့ပေးမှာဖြစ်ပြီး မိမိတို့ လုပ်ငန်း တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား လုပ်ဆောင်ကြရန်လိုကြောင်း  အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက ဝန်ကြီးဌာန၏ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများက သက်ဆိုင်ရာဌာန အလိုက် လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ စားဝတ် နေရေးအတွက် တစ်ဖက်တစ်လှမ်းမှအထောက်အကူပြုစေရန်အတွက် ပစ္စည်းငါးမျိုးပါစားသောက်ကုန် ပစ္စည်းများကို  ဌာနအလိုက် ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင် နှင့်ဝန်ထမ်းများလိုက်ပါလျက် ပူတာအိုမြို့ တုံလီထုရပ်ကွက်တွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေ လုံးငွေရင်းကျပ်သန်းပေါင်း(၅၂၆.၆၀၀)ဖြင့် မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်ရှိ အိမ်ခြေ(၁၅၆၀)အိမ်သို့ သောက်သုံး ရေဖူလုံစွာရရှိရေးအတွက် ထပ်မံတိုးချဲ့ဆောင်ရွက်သည့်  ဂါလံ(၆၀၀၀၀)ဆံ့ ရေလှောင်ကန်တည်ဆောက်ပြီး စီးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးက မြို့ပေါ်ရပ်ကွက်များသောက်သုံးရေပြတ်လပ်မှုမရှိစေ ရေးနှင့်ရေရှည်အကျိုးရှိစွာအသုံးပြုသွားနိုင်ရေး တာဝန်ရှိသူများက စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးကို မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် လုံးစွတ်ရပ်ကွက်အတွင်း နမ့်ထွမ်ချောင်းတစ်လျောက် စိမ်းလန်းစို ပြေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းသည့်အနေဖြင့် မြို့နယ်သစ်တောဦးစီးဌာနက မေလ(၁)ရက်နေ့တွင် ပထမ အကြိမ်အနေဖြင့် ၂၀၂၄-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပနိုင်ရန်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးရာ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင်က  မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရေပိတုန်း၊သစ်အယ်၊ဗာတီဗာမြက်၊တောင်ဇလပ်စသည့် သစ်မျိုး အပင်ပေါင်း(၄၀၀)စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက စိုက်ပျိုးသည့်အပင်များရှင်သန်စေရေးပြုစုပျိုးထောင်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။                                        

ခရိုင်ပြန်/ဆက်