မြစ်ကြီးနား ဧပြီ ၂၈
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊ ဒေသဝမ်းစာဖူလုံရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၂၇ ရက် ညနေ ၄ နာရီက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကွင်းဆင်း စစ်ဆေးကြသည်။
ရှေးဦးစွာ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် အားကစားဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၁)နှစ်အောက် ဘောလီဘောပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် လက်ရွေးစင်အမျိုးသမီးဘော်လီဘောအသင်းအား စခန်းသွင်းလေ့ကျင့်နေမှုများ အား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ကစားသမားများအနက် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသမှ လက်ရွေးစင်ကစားသမား (၂)ဦးတို့နှင့် လက်ရွေးစင်အသင်းတစ်ခုလုံး အတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ဘောလီဘောအားကစားအနေဖြင့် နှစ်ပေါင်း (၆၀) နီးပါး အောင်မြင်မှုမရရှိခဲ့ရာမှ မိမိတို့တာဝန်စတင်ယူသည့် (၃)နှစ်တာကာလအတွင်း အောင်မြင် မှုများကို ပြန်လည်ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ယနေ့ ပြိုင်ပွဲဝင်ကြမည့် လက်ရွေးစင်အသင်းအနေဖြင့် အောင်မြင်ခဲ့မှုကို ဆက်လက်ထိန်းသိမ်းထားရှိရေးနှင့် စခန်းသွင်းလေ့ကျင့်မှုကို အလေးထားလိုက်နာ ပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်ရေး ဆက်လက်ကြိုးစားကြရန်လိုကြောင်း အားပေးပြောကြားခဲ့သည်။
ထို့နောက် ကြက်တောင်အားကစားရုံအတွင်း လူငယ်/လူရွယ်များအတွက် နွေရာသီကြက်တောင်ရိုက် အားကစားသင်တန်းအား အသက်အရွယ်တန်းအလိုက် စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုများ ကိုလည်းကောင်း၊ ငြိမ်းချမ်းသာယာရေကူးကန်အတွင်း ရေကူးအားကစားဝါသနာရှင်များအတွက် နွေရာသီရေကူးသင်တန်းလေ့ကျင့်သင်ကြားနေမှု၊ ဒေသခံပြည်သူများ ကျန်းမာရေးအဖြစ် လေ့ကျင့်ရေကူးကြရန် လာရောက်မှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေကူးနိုင်ရေး၊ ပြုပြင်ဆောင်ရွက်ရန်ရှိသည်များကို ပြင်ဆင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ လေကြောင်းခရီးဖြင့် ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ ညနေပိုင်းတွင် ရောက်ရှိပြီး ပူတာအိုအခြေချခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ခရိုင်/ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေဆိပ်မှ ပူတောင်းကျေးရွာသို့ သွားရောက်သည်။
အဆိုပါ ပူတောင်းကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဒုတိယနှစ်စက်ဝန်းမှ မွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းတစ်ခုအဖြစ် ဒေသခံတောင်သူအစုအဖွဲ့ (၄၀)ဦးက ချေးငွေကျပ် သိန်း ၂၀၀ ဖြင့် ဒေသဝက်ကောင်ရေ (၈၀) မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေအိမ်ခြံဝင်းများအတွင်း ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ တစ်ပိုင်တစ်ပိုင် ဆန်ကြိတ်စက်ငယ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေး အထောက်အကူပြုဆေးဝါးများနှင့် အာဟာရဖြည့်ရောစပ်အစာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်