ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ရွှေကူ မတ် ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်း အဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) ဆွေးနွေးပွဲကို မတ်လ ၂၅ ရက် နံနက် ၉ နာရီခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်က ကျောင်းသား၊ ကျောင်းသူများအားလုံး၏ ပညာရေး မြင့်မားရေးကို နိုင်ငံတော်၊ ပညာရေးဌာန၊ မိဘများအားလုံး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်ကြားမည့် ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ၊ ဆရာမတို့၏ သင်ကြားမှုစွမ်းရည် မြင့်မားလာသည်နှင့်အမျှ ကျောင်းသား၊ ကျောင်းသူများ၏ နားလည်မှု စွမ်းရည်သည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ခြင်း‌ကြောင့် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းမင်းက သင်တန်းဆိုင်ရာ လမ်းညွှန်မှုနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်ရာ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၁၇၇)ဦးနှင့် မူလတန်းအဆင့်ဆရာ၊ ဆရာမ (၃၄၁)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၄၀)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ခန်းစာများကို(၅)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)