ဗန်းမော် မတ် ၂၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဗန်းမော်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ဒီကနေ့ သင်တန်းဆင်းသွားကြတဲ့ သင်တန်းသူများအနေဖြင့် အိမ်တွင်းမှု ပညာရပ်များကို အသုံးပြုပြီး ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြုလုပ်နိုင်သွားကြမယ် ဆိုရင် သင်တန်းကျောင်း ဖွင့်လှစ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်များ အောင်မြင်မှာဖြစ်ပြီး မိမိတို့ အရပ် ဒေသသို့ ပြန်လည်ရောက်ရှိတဲ့ အချိန်မှာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမြတ်က သင်တန်းကာလအတွင်း သင်ကြားပို့ချပြီးစီးမှုများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးမှူးဥက္ကဌ ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများက အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ဆုရရှိသည့် သင်တန်းသူများက လက်ခံရယူခဲ့ပြီး ဒုတိယကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။
ထို့နောက် ခင်းကျင်းပြသထားသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၅)သို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသူများ၏ ဖန်တီးချုပ်လုပ်ထားသည့် လက်ရာများကို ခရိုင်စီမံ အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)