ကချင်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား မတ် ၂၁

နိုင်ငံတော်အနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ဌာနဆိုင်ရာနယ်ပယ် အသီးသီးမှ အငြိမ်းစားယူသွားခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားကြီးများအား ငွေကြေးကုန်ကျ စိုက်ထုတ်ရမှုလျော့နည်းစေ၍ လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် စီစဉ်ပေးလျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မတ် ၂၁ ရက် နံနက် ၆ နာရီခွဲမှ စတင်ကာ အငြိမ်းစားလစာထုတ်ယူခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြစ်ကြီးနားမြို့ ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အငြိမ်းစားလစာထုတ်ယူပြီးချိန်တွင် တစ်ပါတည်း ကျန်းမာရေးစစ်ဆေးကုသမှုများ တစ်နေရာထဲတွင် စုဖွဲ့ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်နှင့် ဆေးရုံအုပ်ကြီး၊ ကုသရေးဦးစီးဌာနမှ သမားတော်၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမများက အငြိမ်စားလစာရရှိပြီး အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအတွက် အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာ‌ခေါင်းစစ်ဆေးခြင်း၊ ဆေးဝါးထုတ်ပေးခြင်းစသည်တို့အပြင် အသက် (၆၀) နှစ်နှင့်အထက် ဘိုး/ဘွားများအား ကိုဗစ် (၁၉) ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer Comirnaty) ထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် မြန်မာ့စီးပွားရေးဘဏ် (မြစ်ကြီးနားဘဏ်ခွဲ) ပြည်နယ်မန်နေဂျာနှင့် အရာထမ်း/ အမှုထမ်းများက လုပ်ထုံးလုပ်နည်းနှင့် ပင်စင်အမျိုးအစားအလိုက် ပင်စင်လစာများ ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ထို့အပြင် အဆိုပါလုပ်ငန်းစဉ်များ အဆင်ပြေစေရေးအတွက် အငြိမ်းစားဝန်ထမ်းကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက လိုက်ပါကူညီဆောင်ရွက်ပေးခြင်း၊ အာဟာရဒါနအဖြစ် ကွေကာအုပ်နှင့် မုန့်များ လှူဒါန်း ကျွေးမွေးခြင်းများအပြင် အငြိမ်းစားဝန်ထမ်းများအတွက် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးနှင့် ဆန်၊ ဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးမှု အစီအစဉ်တွင် ကချင်ပြည်နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းလစာ ထုတ်ယူနေသော ဝန်ထမ်းပေါင်း (၁၉၀၀၀)ကျော်ရှိရာ သက်ဆိုင်ရာခရိုင်များ အလိုက် မြို့နယ်များတွင် အငြိမ်းစားပင်စင်လစာထုတ်ယူချိန်တွင် တစ်ပါတည်းဆောင်ရွက်နိုင်ရေး စီစဉ်ထားကြောင်းနှင့် မြစ်ကြီးနားမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၆၃၀၀)ဦး ရှိပြီး ပင်စင်လစာ ထုတ်ပေးခြင်းနှင့်အတူ ကျန်းမာစောင့်ရှောက်မှုလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)