မိုးညှင်းမြို့၌ ခရိုင်အဆင့် အခြေခံပညာအထက်တန်းဆင့် ဆရာ၊ ဆရာမများနှင့် မူလတန်းအဆင့် (လုပ်ငန်းခွင်ဝင်စ) သုံးနှစ်အောက်ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေးသင်တန်းများဖွင့်လှစ်

မိုးညှင်း မတ် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အထက်တန်းဆင့် ဆရာ၊ ဆရာမများနှင့် မူလတန်းအဆင့် (လုပ်ငန်းခွင်ဝင်စ) သုံးနှစ်အောက် ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေးသင်တန်းများကို ယနေ့ နံနက် (၉)နာရီက အ-ထ-က (၃)နှင့် အ-ထ-က ခွဲ (နားခါ) ကျောင်းတို့၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စွမ်းရည်မြင့်မားရေးသင်တန်းတွင် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က ယခုလာမည့် ပညာ သင်နှစ်၌ သင်ရိုးသစ်နည်းစနစ်များဖြစ်သော ဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချကြရာတွင် ပိုမိုမြန်ဆန်လွယ်ကူစေရန်အတွက် ညွှန်ကြားချက်များနှင့်အညီ ယခုလို ဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း‌ ပြောကြားပြီး သင်တန်းကြီးကြပ်ရေးမှူးများက အဆိုပါ သင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သတ်မှတ်စာသင်ခန်းများတွင် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်ခန်းစာများကို ဆက်လက်ပို့ချလျက်ရှိပြီး ခရိုင်ပညာရေးမှူးက သင်တန်းများပို့ချပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၉၆၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ (၂၁)ရက်မှ (၂၅)ရက်ထိ ငါးရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း