မြစ်ကြီးနား မတ် ၁၉
ကချင်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေးနှင့် ပြည်နယ်၏ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သင်ကြားသည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးချုပ် ဦးမိုးမင်းသိန်းက သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မိမိပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချခြင်း၊ အသက်မွေးဝမ်းကျောင်းခြင်းအားဖြင့် မိသားစုဝင်ငွေ တိုးပွာလာမည်ဖြစ်သကဲ့သို့ ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက (၅)ရက်ကြာဖွင့်လှစ်သွားမည့် သင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၁၃၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်စိုးက သင်တန်းသားအတွက် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရန်နိုင်လွင်က လုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နိုင်ရေး သင်တန်းသုံးကုန် ကြမ်းသီးနှံများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသင်ကြားသွားမည့် သီးနှံကုန်ကြမ်းများ စုစောင်းထားရှိမှု၊ ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် သင်တန်းများမှ တန်ဖိုးမြှင့်စားသောက်ကုန် ချောများကို ထုတ်လုပ်၊ ထုပ်ပိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)