ဗန်းမော်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ်မေဂျာပေါင်းစုံ စာမေးပွဲဖြေဆို

ဗန်းမော် မတ် ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်မေဂျာပေါင်းစုံ စာမေးပွဲကို မတ်လ ၁၈ ရက် နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဒေသအခြေအနေအရ ရွေ့ပြောင်းဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ်မေဂျာပေါင်းစုံမှ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်စာမေးပွဲကို ပထမနှစ်မှ မဟာတန်းထိစာရင်းရှိလူဦးရေ ၁၆၈၀ ဦးရှိသည့်အနက်၊ ပျက်ကွက်သူ ဦးရေ ၁၄၄ ဦး၊ ဖြေဆိုသူဦးရေ ၁၅၆၆ ဦး လာရောက်ဖြေဆိုပြီး စာမေးပွဲဖြေဆိုနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်တက္ကသိုလ်မေဂျာပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချော့မွေ့လုံခြုံစွာ ဖြေဆိုနိုင်စေရန်အတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ ပညာရေးဌာနမှ လုံခြုံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွှာအုပ်ချုပ်ရေးအဖွဲ့ ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်းနှင့် စာမေးပွဲကို ၁၈.၃.၂၀၂၄ ရက်နေ့မှ ၂၅.၃.၂၀၂၄ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)