ဗန်းမော် မတ် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးသက်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ဗန်းမော်မြို့ခရိုင်အတွင်းရှိ မံစီမြို့နယ်၊ မိုးမောက်မြို့နယ် တို့မှမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဗန်းမော်မြို့ပေါ် ရပ်ကွက် (၁၆) ခုမှ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲမစတင်မီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)