မြစ်ကြီးနား မတ် ၁၆
ကချင်ပြည်နယ်အတွင်း ပိုးမွေးမြူရေးနှင့် ပိုးချည်စက်ရုံ တည်ထောင်အကောင်အထည်ဖော်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
ထိုသို့ အမှာစကား ပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ပိုးချည်စက်ရုံ တည်ထောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ယခုလို လာရောက်တင်ပြမှုကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းစေသည့် ရင်းနှီးမြှုပ်နှံမှုများကို ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် Randoo (Myanmar) Silk Crop.,Ltd မှ ဒါရိုက်တာ မစ္စတာလီဖှိန်းကျုံးက ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပိုးစာခြံနှင့် ပူးပေါင်း၍ ပိုးချည်စက်ရုံတည်ထောင်နိုင်ရေးနှင့် အထွက်တိုး ပိုးမွေးမြူရေး၊ ကုန်ကြမ်းရရှိရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ပိုမိုကောင်းမွန်သော လုပ်ငန်းစီမံကိန်းများဖြစ်စေရေး၊ ပိုးချည်စက်ရုံတည်ထောင်နိုင်ရေး လိုအပ်သည့် ကုန်ကြမ်းပိုးမျိုးများ မွေးမြူနိုင်ရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ဖြည့်စွက်သုံးသပ်ဆွေး နွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ လယ်ယာမြေ/ စိုက်ပျိုးမြေများကို လျော့နည်းပပျောက်မသွားရေးနှင့် စိုက်ပျိုးမြေပိုမိုတိုးပွားလာစေရေး မိမိတို့အနေဖြင့် ဥပဒေ လုပ်ထုံး၊ လုပ်နည်းနှင့်အညီ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားရမည့် လုပ်ငန်းစာတွဲများ၊ အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ၊ လယ်ယာမြေမှ တစ်ပါး လယ်ယာမြေ ကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့် လုပ်ငန်းစာတွဲများ၊ ပြည်နယ်အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားလာသည့် လုပ်ငန်းစာတွဲများ၊ ပုံစံ(၇)ပျက်စီး/ပျောက်ဆုံး လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ပြည်နယ်အဖွဲ့ဝင်များနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မတ် (၁၄) ရက် ညနေပိုင်းက အဆိုပါ အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄)ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်ကော်မတီသို့ လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ ပြည်နယ်ကော်မတီက ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများနှင့် ဗဟိုကော်မတီသို့ တင်ပြရမည့် လုပ်ငန်းစာတွဲများ၊ ယခင်အစည်းအဝေးတွင် ဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြရာ လုပ်ငန်းစာတွဲတစ်ခုခြင်းစီအလိုက် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)