မိုးညှင်း မတ် ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နန့်လှိုင်ကျေးရွာတွင် စီမံကိန်းလုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများအား ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သွားရောက်တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာနေပြည်သူများအား မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုနှစ်၌ တိုးတက်အဆင်ပြေလျက်ရှိပြီး လာမည့်နှစ်များတွင်လည်း ယခုနှစ်ထက်ပို၍ ဆောင်ရွက်စေလိုကြောင်းနှင့် ဌာနမှလည်း လိုအပ်လျက်ရှိသော နည်းပညာအကူအညီများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေး/လက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က တောင်သူများအား မိုးရာသီအပြင် အခြားရာသီများတွင်လည်း စိုက်ပျိုးနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆိုလာ စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက်ကိုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးကျော်မိုးလွင်က ကျေးရွာသူ ကျေးရွာသားများအနေဖြင့် သမဝါယမအသင်း၏ လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စိုက်ပျိုးပုံ စိုက်ပျိုးနည်းစနစ် ပညာရပ်ဆိုင်ရာများကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြား ကြပြီး တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာပြည်သူများက သိရှိလိုသည်များကို ဆက်လက်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် စီမံကိန်းလုပ်ငန်တွင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် နေကြာစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း