မြစ်ကြီးနား မတ် ၁၂
ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများနှင့် ငါးမွေးကန်များ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါရပ်ကွက်အတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပမ္မတီး(ရွှေအိုက်)ရပ်ကွက် ကွင်းအမှတ် (၇၄) ဧရိယာအတွင်း တောင်သူ ဦးယိမ်းယော်၏ ခြံသို့ သွားရောက်ပြီး ခြံဝင်းအတွင်း ဒေသနွားနှင့် ဆိတ်များ ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှု အခြေအနေများနှင့် တိုးပွားလာမှု အခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီသည့် ဆိုလာရေစက်ဖြင့် ဖူးစားပြောင်းစိုက်ခင်းအတွင်း ရေသွင်းဆောင်ရွက် ထားရှိအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် အဆိုပါကွင်းအတွင်း ပြည်နယ်သမဝါယအသင်းချုပ်ပိုင်ခြံ၌ ဆီစက်တည်ထောင် နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှု၊ ကုန်ကြမ်းစုစောင်းထားရှိမှုနှင့် ဇွဲမာန်ဝက်မွေးမြူရေးနှင့် အထွေ ထွေစီးပွားရေးသမဝါယမအသင်းလီမိတက်ပိုင် ဝက်ခြံအတွင်း ဝက်ပေါက်ကောင်ရေ ၆၀ ခန့် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခြံဝင်းများအတွင်း လျှပ်စစ်မီးရရှိရေးအတွက် တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် အမြန်ဆုံးသွယ်တန်းပေးနိုင်ရေးနှင့် လိုအပ်သည့်သွင်းအားစုများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါရပ်ကွက်အတွင်း တောင်သူဦးကြန်မင်း၏ ဘက်စုံမွေးမြူရေးခြံ၌ ဝက်များမွေးမြူထားရှိမှု၊ ဒေသကြက်များ မွေးမြူထားရှိမှု၊ ငါးမွေးကန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝက်နှင့်ကြက် ဈေးကွက်ရရှိမှုအခြေအနေ၊ ဝက်ခြံများ အဆင့်မြင့်တင်နိုင်ရေး ရန်ပုံငွေပံ့ပိုးပေးနိုင်ရေးနှင့် လိုအပ်သည့်တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထိုးနှံ၊ ကျွေးမွေးပေးနိုင်ရေးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ကွင်းအမှတ် (၇၄)အတွင်း နှစ်စဉ် လယ်မြေများ ရေဝပ်တင်ကျန်မှုကြောင့် လယ်သီးနှံစိုက်ပျိုးမှု နည်းပါးသည့် ရေဝပ်ဧရိယာဧက (၇၀)အတွင်း ရေများတင်ကျန်မှု မရှိစေရေးနှင့် ငါးကန်များရေကျော်မှုမဖြစ်ပေါ်စေရေး အဆိုပါဧရိယာမှ နန်းကွေ့ချောင်းအထိ အရှည်ပေ ၃၃၅၀ ရှိသည့် ရေထုတ်မြောင်းအား ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေစီးရေလာကောင်းမွန်ရေးနှင့် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် ရေဝပ်လယ်မြေများတွင် မိုးစပါးဧရိယာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူ ဦးဝရမ်းခေါင်ဒီး၏ ငါးကန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)