ဟိုပင် မတ်လ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကာ ပျော်ရွှင်စေရန်ရည်ရွယ်၍ ပြပွဲ၊ပြိုင်ပွဲများကို မတ်လ ၁၁ ရက် မွန်းလွဲ၁နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲ၊ ပြိုင်ပွဲကို ကျောင်းသားလူငယ်များအား ပန်းချီစွမ်းရည်တိုးတက်လာစေရန်၊ စာဖတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်အတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူ (၁၈)ဦးမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား ဟိုပင်မြို့ခံစာရေးဆရာမ စောငယ်ငယ်(မိုးညှင်း)နှင့် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးတို့မှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြသသည့် မူယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ရွှေနဒီနံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
မိုးသန္တာဦး(ပြန်/ဆက်)