ချီဖွေ ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရာနေရာ၌ ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အာဟာရဒါနများ ကျွေးမွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပင်စင်ထုတ်ယူရာ မြန့်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ချီဖွေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်နှင့် အဖွဲ့ဝင်များဖြစ်သည့် ရဲမှူး လင်းထူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်စား အဘိုးအဘွားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး၊ ဆီးချို ၊ သွေးချို တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး သွေးတိုး၊ ဆီးချိုကျဆေး စသည့် လိုအပ်သည့် ဆေးဝါးများအား အခမဲ့ ထောက်ပံ့ပေးခြင်းများနှင့် အဘိုးအဘွားများအား အာဟာရဒါနများ ကျွေးမွေးခြင်းများကို ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဌာနဆိုင်ရာ အသီးသီးတွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ ပင်စင်အမျိုးမျိုးဖြင့် ပင်စင်ထုတ်ယူရန် လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများအနေဖြင့် ယခုကဲ့သို့ ကျန်းမာရေး စောင့်ရှောက်ပေးမှုအပေါ် ဝမ်းသာပျော်ရွှင်စွာဖြင့် ဆေးကုသမှုများကို လက်ခံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)