မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို အမြို့မြို့အနယ်နယ်၌ ကျင်းပလျက်ရှိရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ အမှတ် (၁) မူလတန်းကြိုကျောင်းရှိ စမ်းသီတာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မူလတန်းကြိုကျောင်းတက်ရောက်နေသည့် ရင်သွေးငယ်များက လီဆူတိုင်းရင်း သားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကပြပြီး အခမ်းအနား ဖွင့်လှစ်ကာ ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင်က မြန်မာနိုင်ငံကလေးများ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် နှစ်စဉ်ကလေးများအား ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါ ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားကာ ရင်သွေးငယ်လေးများက တစ်ဦးချင်းနှင့် အဖွဲ့လိုက် ပုံပြော၊ ကဗျာရွတ်ဆိုနှင့် အကပြိုင်ပွဲများအား ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ရင်သွေးငယ်ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြရာ တက်ရောက်လာသူများက အားပေးကြည့်ရှုခဲ့ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရင်သွေးငယ်များအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်လေးမေက မူလတန်းကြိုကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မူလတန်းကြိုကျောင်းအလိုက် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများတွင် ရင်သွေးငယ် (၈၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခမ်းအနားသို့ မြစ်ကြီးနားမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာမများနှင့် ရင်သွေးငယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။
ယော်ဆောင်(ပြန်/ဆက်)