ပူတာအိုမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနကကြီးမှူး၍ ၂၀၂၄-ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲ၊အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက် နံနက် (၁၁) နာရီက ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ပြိုင်ပွဲတွင် မီတာ ၁၀၀ (ကျား/မ) ပူပေါင်းဖောက်ပြိုင်ပွဲ၊ (မ) စကောရွက်ပြိုင်ပွဲ၊ မီတာ ၂၀၀ (ကျား/မ) အပြေးပြိုင်ပွဲ၊ (ကျား) ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ (ကျား/မ) သံလုံးပစ်ပြိုင်ပွဲ၊ မီတာ ၁၀၀ (ကျား/မ) အပြေးပြိုင်ပွဲ၊မီတာ ၄၀၀ (ကျား/မ) အပြေးပြိုင်ပွဲ၊မီတာ ၁၀၀ (ကျား/မ) လက်ဆင့်ကမ်းပြိုင်ပွဲ၊ (ကျား/မ) အာလူးကောက်ပြိုင်ပွဲ၊ (ကျား/မ) သံပုံးရိုက်ပြိုင်ပွဲ၊ (ကျား) ဘော်လီဘောပြိုင်ပွဲ၊ (ကျား/မ) ဘောလုံးဂိုးကျဉ်းပြိုင်ပွဲ၊အမျိုးသမီးလွန်ဆွဲပြိုင် ပွဲများကို ဖေဖော်ဝါရီ(၉)ရက်မှ(၁၂)ရက်နေ့အထိ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲများကို ဖေဖော်ဝါရီ (၁၂) ရက်နေ့ နံနက်ပိုင်းတွင်ယှဉ်ပြိုင်ကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဉက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွှန့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာက ပြိုင်ပွဲဆုရကျောင်းသား/သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖုန်ကန် (ပူတာအို)