မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများအတွက် အခမ်းအနားမှူးသင်တန်းကို (၄)ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သင်တန်းတက်ရောက် သူများအနေဖြင့် မိမိတို့၏ ပင်ကိုယ် အရည်အချင်းများ၊ အရည်အသွေးများကို ဖော်ထုတ်ပြသခွင့်ရရှိသည့်အပြင် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကိုလည်း မြင့်မားတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ပွဲတိုင်းတွင် စိတ်အားထက်သန်မှုအပြည့်အဝရှိနေခြင်းသည် ကြီးကျယ်ခမ်းနားပြီး ဂုဏ်သရေရှိသည့်ပွဲများအတွက် အနှစ်သာရပေါ်လွင် ထင်ရှားစေရန် အခမ်းအနားမှူးများ၏ အခန်းကဏ္ဍအရေးကြီးဆုံးဖြစ်သည်ကို သိရှိနားလည်ကြရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားများကို အောင်မြင်ပျော်ရွှင်စွာဖြင့် သေသပ်လှပစွာစီစဉ်ဆောင်ရွက်ပေးနိုင်သူများအဖြစ် နိုင်ငံ့တာဝန်ကို အခမ်းအနားမှူးကောင်းများအဖြစ် ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းနည်းပြ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဖွင့်လှစ်သင်ကြားခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာဌာနများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါစည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လိုအပ်သည့်အခက်အခဲများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ မည်သို့ကူညီဆောင်ရွက်ရမည်ကို ယနေ့အစည်းအဝေးတွင် ရှင်းရှင်းလင်းလင်းတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက တင်ဒါလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာန/အဖွဲ့အစည်းများကဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လိုအပ်ချက်/ အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ကြိုးစားဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်