မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့သူနာပြုသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် သူနာပြုသားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
အမှာစကားပြောကြားရာတွင် ယနေ့သင်တန်းတက်ရောက်ခွင့်ရရှိခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်းကို အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေသကဲ့သို့ ထိုသို့ မွေးထုတ်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ရပါကြောင်း၊ မောင်တို့မယ်တို့ သင်တန်းကာလ(၃)နှစ်အတွင်း လုံခြုံစိတ်ချစွာနေထိုင်နိုင်ပြီး ပညာသင်ကြားရေးအတွက်သော်လည်းကောင်း၊ စာတွေ့/လက်တွေ့ ပညာရပ်များကို ခေတ်နှင့်လျော်ညီစွာ သင်ကြားသင်ယူမှုပြုနိုင်ရန်အတွက်သော်လည်းကောင်း၊ ပညာသင်စရိတ်ထောက်ပံ့မှုများကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိနားလည်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် စီမံဆောင်ရွက်ပေးနေခြင်းသည် နိုင်ငံအတွင်းရှိ ပြည်သူများအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ပေးဆပ်နိုင်ရန်ဖြစ်သည့်အတွက် အလေးအနက်ထား ကြိုးစားသင်ယူကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသန့်ဇင်ကိုကိုက သင်တန်းတက်ရောက်ကြမည့် မောင်မယ်သစ်လွင်(၇၇)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၅ သိန်းကိုလည်းကောင်း၊ မြစ်ကြီးနား ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီးက အာဟာရအတွက် ကြက်ဥများကိုလည်းကောင်း၊ အလှူရှင်ဦးလောဆန်းက ဆန်အိတ်များကိုလည်းကောင်း ကျောင်းအုပ်ထံ အသီးသီးထောက်ပံ့ပေးအပ်ကြရာ သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ်တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ သင်တန်းသူများက တိုင်းရင်းသားရိုးရာတေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်