မိုးကောင်း ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မိုးကောင်းမြို့နယ် ကြာအင်း(၂) ကျေးရွာ၌ ကျေးရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းနှင့် ၎င်းလမ်းပေါ်ရှိ ဝက်သောက်ချောင်းအား သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်း(၄၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၄၈၇ ဒဿမ ၄၀၁)သန်းဖြင့် ကြာအင်း(၂)ကျေးရွာအဝင်လမ်း အရှည်(၄၂၈၈)ပေ၊ အကျယ်(၁၆)ပေနှင့် အမြင့်(၇)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို Taxila ကုမ္ပဏီမှလည်းကောင်း၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် (၁၉၉ ဒဿမ ၉၅၅) သန်းဖြင့် အရှည်ပေ(၄၀)၊ အကျယ်(၂၄)ပေရှိသော ဝက်သောက် ချောင်း သံကူကွန်ကရစ်တံတားအား မြတ်ချယ်ရီဦးကုမ္ပဏီတို့မှလည်းကောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီလအတွင်းက မိုးညှင်းခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ မိုးကောင်းမြို့နယ်မှ ဦးစီးအရာရှိ(မြို့ပြ) နှင့် တာဝန်ရှိသူ တို့က သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပြီး လမ်းနှင့် တံတားများ ပြီးဆုံးသွားပါက ကျေးရွာနေပြည်သူများ ရာသီမရွေးအသုံးပြုသွားလာနိုင်မည်ဖြစ်ပြီး ဒေသမှထွက်ရှိသော စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)