မိုးညှင်း ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းအစည်းအဝေးတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးတင့်လွင်ဦးက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ယခုနှစ် အောက်တိုဘာလ (၁)ရက်မှ (၁၅)ရက်အထိ CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet များဖြင့် နိုင်ငံတစ်ဝှမ်းမှ စာရင်း ကောက်ယူကြမည်ဖြစ်ရာ မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များအတွက် လိုအပ်မည့် စာရင်းစစ်၊ စာရင်းကောက် ခန့်မှန်းလျာထားတွက်ချက်မှုအရ စာရင်းစစ်များအား အထက်တန်းပြ၊ အလယ်တန်းပြ ဆရာဆရာမများဖြင့်လည်းကောင်း၊ စာရင်းကောက်များအား မူလတန်းပြ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူ (Volunteers)များဖြင့် လည်းကောင်း၊ တာဝန်ပေးအပ်ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးဆောင်ရွက်ပေးနိုင်ရေးနှင့် အောင်မြင်စွာ ကောက်ယူနိုင်ရေးစသည့် လုပ်ငန်းကိစ္စရပ်များကိုလည်းကောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ အားသာချက်နှင့် အားနည်းချက်များကိုလည်းကောင်း ပါဝါပွိုင့်ဖြင့် ဆွေးနွေးပြောကြားခဲ့ သည်။
ထို့နောက် မိုးညှင်းခရိုင်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းများအား စပ်လျဉ်း၍ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် ကော်မတီဝင်များက လိုအပ်သည်များကို ပူးပေါင်း ပါဝင်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း