မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဖြင့် ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူ များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် အတူ ကွင်းဆင်းကြရာ ကျေးရွာသူ၊ ကျေးရွာသားများက အရင်းမပျောက်မတည်ရန်ပုံငွေများဖြင့် ဆောင်ရွက် ထားရှိသည့် လုပ်ငန်းများအား လိုက်လံပြသရှင်းလင်းရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ စီမံကိန်းချေးငွေရယူသည့် လုပ်ငန်းများကို သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများအတိုင် အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ရရှိထားသည့် အရင်းမပျောက်မတည်ရန်ပုံငွေနှင့် အတိုးရငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် မြို့နယ်ကျေးလက်ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးမှုအပေါ် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်း ထပ်မံကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ငွေစာရင်း လည်ပတ်ထိန်းသိမ်းမှု မှတ်တမ်းလယ်ဂျာစာအုပ်များတွင် စနစ်တကျရေးသွင်းထားကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်ထိ စီမံကိန်းလုပ်ငန်း (၇)နှစ်တာ ကာလအတွင်း အရင်းမပျောက်မတည်ရန်ပုံငွေကျပ် သိန်း(၃၀၀)နှင့် အတိုးရငွေကျပ် (၄၃၆)သိန်း စုစုပေါင်း ငွေကျပ်(၇၃၆)သိန်းဖြင့် အောင်မြင်စွာ လည်ပတ်လျက်ရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး (၅၂)ဦး၊ မွေးမြူရေး (၄၄)ဦးနှင့် အရောင်းအဝယ်(၃)ဦး စုစုပေါင်း (၉၉)ဦးတို့အတွက် ငွေကျပ်(၅၂၂)သိန်း ထုတ်ချေးဆောင်ရွက်ထားရှိပြီး မြစိမ်းရောင်အတိုးရ ငွေကျပ်သိန်း (၂၀၀)အား ကျေးရွာဘက်စုံသုံးခန်းမဆောင် အလျားပေ (၆၀)၊ အနံပေ (၃၀)နှင့် အမြင့် (၁၂)ပေရှိ အုတ်နံကပ် တစ်ထပ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မှ ငွေကျပ်သိန်း (၁၅၀)နှင့်အတူ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း