မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

မချမ်းဘော ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မဟာအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ကောဇာသက္ကရာဇ် ၁၃၈၅ ခု နှစ် တပို့တွဲလဆန်း(၄)ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ (၂၄)ရက် နေ့အထိ (၁၂)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပရာတွင် တပို့တွဲလဆန်း (၄)ရက် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကောင်းမှုလုံစေတီတော် ပရဝုဏ်အတွင်းရှိ တေဇသာလာဓမ္မာရုံတော်တွင် ပွဲတော်ဖွင့်ပွဲကို ကျင်းပ မည်ဖြစ်ပြီး မဟာအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ခြင်းကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ (၂၂)ရက်နေ့အထိ  ဘာဏကသံဃာ (၂၇) ပါးတို့က ၉ ရက်တာ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။  ဆက်လက်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဘာဏကသံဃာ ၂၇ ပါးတို့က ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဒေသာပင်လှည့်လည်ပူဇော်ခြင်း၊ ထမနဲထိုးပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် ညနေပိုင်းတွင် ကောင်းမှုလုံစေတီတော် ရင်ပြင်တော်၌ ဆီမီး ပူဇော်ခြင်းတို့ကို ကျင်းပသွားမည်ဖြစ်သည်။

ထို့နောက် တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၅ နာရီတွင် ကောင်းမှုလုံ မုခ်ဦးဘုရား (၉)ဆူတွင် မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ နံနက် ၈ နာရီတွင် အဘိဓမ္မာရေစင်တော်များအား မလိခမြစ်တွင်းသို့ သွန်းလောင်းပူဇော်ခြင်းနှင့် နံနက် ၉ နာရီခွဲတွင် အဘိဓမ္မာသိမ်းအောင်ပွဲ၊ ဗုဒ္ဓပူဇနိယရေစက်ချ အခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)